အသက်အန္တရာယ်ရှိသော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသည့် ကမ္ဘာလှည့်အပျော်စီးသင်္ဘောပေါ် လိုက်ပါလာသူအားလုံးကို ၄၂ ရက်ကြာ စောင့်ကြပ်ကြည့်ရှုရမည့် အန္တရာယ်မြင့်မားစွာ ထိတွေ့မိသူများအဖြစ် သတ်မှတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
လူ သုံးဦး သေဆုံးစေခဲ့သည့် အဆိုပါကူးစက်မှု၏ ဗဟိုချက်ဖြစ်သော MV Hondius သင်္ဘောပေါ်တွင် လူဦးရေ ၁၅၀ နီးပါးရှိပြီး လက်ရှိတွင် တီနီရစ်ဖ် ကျွန်းအနီး ရေပြင်သို့ ဦးတည်ခုတ်မောင်းနေသည်။
“သင်္ဘောပေါ်မှာရှိတဲ့ လူတိုင်းကို ကျွန်မတို့က အန္တရာယ်မြင့်မားစွာ ထိတွေ့မိသူတွေအဖြစ် သတ်မှတ်ပါတယ်” ဟု WHO ၏ ကပ်ရောဂါကြိုတင်ပြင်ဆင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဒါရိုက်တာ မာရီယာဗန်ကာကော့ဗ် က ပြောကြားခဲ့သည်။
လက်ရှိတွင် သင်္ဘောပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ရောဂါလက္ခဏာ မပြသေးကြောင်း ၎င်းက ပြောကြားခဲ့သော်လည်း သင်္ဘောပေါ်မှ ဆင်းလာမည့် ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများ အားလုံးကို ၄၂ ရက်ကြာ တက်ကြွစွာ စောင့်ကြပ်ကြည့်ရှုပြီး နောက်ဆက်တွဲ အခြေအနေများကို စစ်ဆေးရန်အကြံပြုထားသည်ဟု ဆိုသည်။
မေ ၁၀ ရက်တွင် Hondius သင်္ဘော ဆိုက်ကပ်ရန် မျှော်မှန်းထားသည့် ကနေရီကျွန်းစုရှိ ပြည်သူလူထုနှင့် ဒေသခံများအတွက်မူ ရောဂါကူးစက်နိုင်ခြေ နည်းပါးသေးကြောင်း ဗန်ကာကော့ဗ်က အလေးပေးပြောကြားခဲ့သည်။
ကြွက်များမှတစ်ဆင့် ပြန့်ပွားလေ့ရှိသော အဆိုပါ ရှားပါးရောဂါဖြစ်ပွားသူ အတည်ပြုပြီးနှင့် သံသယဖြစ်ဖွယ် ရှစ်ဦးရှိသည့်အနက် ဒတ်ခ်ျလူမျိုး ဇနီးမောင်နှံနှင့် ဂျာမန်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဟန်တာဗိုင်းရပ်စ် အမျိုးအစားများအနက် လူအချင်းချင်း ကူးစက်နိုင်သည့် တစ်မျိုးတည်းသော အန်ဒီစ်ဗိုင်းရပ်စ် ကို ပိုးတွေ့ရှိသူ ၆ ဦးတွင် အတည်ပြုနိုင်ခဲ့သဖြင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
WHO အကြီးအကဲတက်ဒရိုအာဒါနွန်ဂီဘရီယေဆုသည် လူနာများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ရန် တီနီရစ်ဖ်ကျွန်းသို့ သွားရောက်နေပြီဖြစ်သည်။
ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အကောင်းဆုံးနည်းလမ်းများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် စပိန်၊ နယ်သာလန်၊ သင်္ဘောလုပ်ငန်းရှင်များနှင့် ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗန်ကာကော့ဗ်က ပြောကြားခဲ့သည်။
