ဒင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်တစ်စင်း အရှိန်ယူပျံတက်နေစဉ် လူတစ်ဦးအား တိုက်မိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း လေဆိပ်အာဏာပိုင်များက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
Frontier Airlines လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် ၄၃၄၅ သည် မေ ၈ ရက် ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် ထိုအမျိုးသားကို တိုက်မိခဲ့ပြီးနောက် ပျံတက်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
“နယ်နိမိတ်စည်းရိုးကို ကျော်ဖြတ်လာတဲ့ အဲဒီလူဟာ နှစ်မိနစ်အကြာမှာပဲ ပြေးလမ်းကို ဖြတ်ကူးချိန် တိုက်မိခဲ့တာဖြစ်ပါတယ်” ဟု လေဆိပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူမှာ လေဆိပ်ဝန်ထမ်း မဟုတ်ဘဲ မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရှိရသေးပေ။
ABC News ၏ ဖော်ပြချက်အရ ထိုသူသည် လေယာဉ်အင်ဂျင်ထဲသို့ တစ်စိတ်တစ်ပိုင်း ဝင်သွားခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်မှ လူများကို အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့ပြီး ခရီးသည် ၁၂ ဦးမှာ အသေးစား ဒဏ်ရာများရရှိခဲ့ကာ ၎င်းတို့အနက် ၅ ဦးကို ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။
လော့စ်အိန်ဂျလိစ်မြို့သို့ ပျံသန်းမည့် အဆိုပါ Airbus A321 လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၄ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး လိုက်ပါလာခဲ့သည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖီက ဒေသခံဥပဒေစိုးမိုးရေးအဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
” မေ ၈ ရက် နှောင်းပိုင်းက ကျူးကျော်သူတစ်ဦးဟာ လေဆိပ်လုံခြုံရေးကို ဖောက်ဖျက်ပြီး စည်းရိုးကို တမင်တကာ ကျော်တက်ကာ ပြေးလမ်းပေါ်ကို ပြေးထွက်သွားခဲ့တာဖြစ်ပါတယ်။ အရှိန်နဲ့ ပျံတက်နေတဲ့ လေယာဉ်နဲ့ တိုက်မိခဲ့တာပါ” ဟု ဒက်ဖီက X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး မည်သူမျှ လေဆိပ်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ မကျူးကျော်သင့်ကြောင်း သတိပေးခဲ့သည်။
လေဆိပ်စည်းရိုးများကို ပြန်လည်စစ်ဆေးခဲ့ရာတွင် ပျက်စီးနေခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေကြောင်း လေဆိပ်အာဏာပိုင်များက အတည်ပြုခဲ့သည်။
