ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ ကလေးမြို့အဝင်၌ သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာသော NISSAN CONDOR ယာဉ်နှင့် မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာသော GOLDEN TRUCK ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး(ခ)ဆေးဆရာ လိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို(ခန့်မှန်းကျပ် ၃ ဒသမ ၈၅ ဘီလျံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ကလေးမြို့တွင် လက်ခံမည့်သူ ညွန့်တင် အား ကလေးမြို့အဝင်၌လည်းကောင်း၊ လားရှိုးမှကလေးသို့သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး အား ပြည်မြို့နယ်၊ ပြည် – အောင်လံသွားလမ်း၊ တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ် ၁ စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်အရ ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်း အား စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ် ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်တွင် ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၆ ဘီလျံ)အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၉ ဒသမ ၈၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးသို့ အဓိကသယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကိုအောင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
