ပြည်သူ့စစ်မှုထမ်းတာဝန်ကျေ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများ လုပ်ကိုင်လိုသည့်အလုပ်အကိုင်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UMFCCI၊ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများ လုပ်ကိုင်လိုသည့်အလုပ်အကိုင်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UMFCCI၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးထားသည့် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ”အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သဖြင့် နေရပ်အသီးသီးသို့ပြန်ကြမည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော်မတီသည် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေ အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် နိုင်ငံ့သားကောင်း များအနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်း များသို့ တက်ရောက်လိုသူများ၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ ပြည်ပကုမ္ပဏီ ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများနှင့် မိမိတို့ရပ်ရွာများတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ တာဝန်ကျေပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအနေဖြင့် သတ်မှတ်ကာလ ပြည့်မီစွာ တာဝန်ထမ်းဆောင်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အခက်အခဲများရှိပါက ‌(က) ကာကွယ်ရေးဝန်ကြီးဌာန -၀၆၇၃၄၀၄၆၃၄ ၊ ၀၆၇၃၄၀၄၆၃၅၊ (ခ) စစ်ရေးချုပ်ရုံး – ၀၃၆၃၁၃၄၇၊ (ဂ) အလုပ်သမားဝန်ကြီးဌာန

၀၆၇၃၄၃၀၁၈၁၊ ၀၆၇၃၄၃၀၁၈၂ စသည်ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *