ကုန်ဈေးနှုန်းတည်ငြိမ်စေရန် သဘာဝဓာတ်ငွေ့ရည် (LNG)၊ ဒီဇယ်ဆီနှင့် ဓာတ်မြေဩဇာ တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့် ထပ်မံတိုးမြှင့်ပေး

ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အရေးပါသည့် သွင်းကုန်ပစ္စည်း ၃ မျိုးအပေါ် အခွန်ကင်းလွတ်ခွင့်များကို မေလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

၁။ လျှပ်စစ်ဓာတ်အားခ သက်သာစေရန် LNG အခွန်ကင်းလွတ်ခွင့်ပေး

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်နှင့် ပြည်သူများ ဓာတ်အားခသက်သာစေရန်အတွက် LNG တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်များကို မေလ ၁ ရက်မှ မေလ ၃၁ ရက်အထိကင်းလွတ်ခွင့် ပြုထားသည်။

၂။ ဒီဇယ်ဆီ (HSD) တင်သွင်းမှု အခွန်ကင်းလွတ်ခွင့်

ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းညှိပေးနိုင်ရန်အတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂%) တို့ကို ယခင်က ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပေးခဲ့ရာမှ ယခုအခါ မေလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

၃။ တောင်သူများအတွက် ဓာတ်မြေဩဇာ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့်

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂%) ကိုလည်း ယခင်က ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပေးခဲ့ရာမှ ယခုအခါ မေလ ၃၁ ရက်အထိ ဆက်လက်ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်သည်။

သတိပြုရန်အချက်

အဆိုပါ အခွန်ကင်းလွတ်ခွင့်များသည် သတ်မှတ်ကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ကုန်စည်များအတွက်သာ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *