အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားတွင် အီရန်သင်္ဘောများကို စီးနင်းပိတ်ဆို့ပြီး ကုန်ပစ္စည်းနှင့် ရေနံများကို သိမ်းယူနေခြင်းက အလွန်အမြတ်ထွက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုက်သည်။
ဖလော်ရီဒါပြည်နယ်တွင် မေ ၁ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထရန့်က “ကျွန်တော်တို့ ကုန်စည်တွေကို သိမ်းတယ်။ ရေနံတွေကိုလည်း သိမ်းတယ်။ဒါဟာ တကယ့်ကို အမြတ်ထွက်တဲ့ အလုပ်ပဲ။ ဘယ်သူက ထင်မှာလဲ၊ ကျွန်တော်တို့က ပင်လယ်ဓားပြတွေနဲ့တောင် တူနေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ကစားနေတာမဟုတ်ဘူး”ဟု ပြောသွားသည်။
အီရန်သည် ဟော်မုဇ်ရေလက်ကြားကို လက်နက်သဖွယ် အသုံးချကာ ပိတ်ပစ်မည်ဟု နှစ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ကြောင့် အီရန်က အမှန်တကယ် ပိတ်လိုက်သည့်အခါ အမေရိကန်ကလည်း အီရန်ကို ပြန်လည်ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ထရန့်က ရှင်းလင်းခဲ့သည်။
တစ်ဖက်တွင်လည်း နျူကလီးယားဆွေးနွေးပွဲများနှင့် ပတ်သက်၍ ထရန့်က သံသယပွားလျက်ရှိပြီး “ပွင့်ပွင့်လင်းလင်းပြောရရင် သဘောတူညီချက် မရတာကတောင် ပိုကောင်းဦးမယ်”ဟု ဆိုသည်။ သို့သော်လည်း လက်ရှိအခြေအနေအတိုင်း ဆက်သွား၍မရကြောင်း ထရန့်ကဆိုသည်။
ဧပြီ ၁၃ ရက်မှစတင်ကာ အီရန်ဆိပ်ကမ်းများ၏ အဝင်အထွက်ကိုပစ်မှတ်ထားကာ အမေရိကန်ရေတပ်က ပိတ်ဆို့မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ထရန့်အစိုးရက ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှု ပြန်ချောမွေ့အောင် နိုင်ငံတကာမဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းနေသည်ဆိုသည့် သတင်းများလည်း ထွက်နေသည်။
