ကုန်စျေးနှုန်းကြီးမြင့်မှုကို လျှော့ချပြီး ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်ကာ “ထိုင်းအချင်းချင်း ကူညီစို့ – ဝန်ထုပ်ဝန်ပိုးလျှော့ချရေးနှင့် စားဝတ်နေရေးသက်သာရေး” အစီအစဉ်ကို အစိုးရက မေ ၁ ရက်တွင် စတင်လိုက်သည်။
ထိုအစီအစဉ်အရ မေလတစ်လလုံး နယ်မြေဒေသအသီးသီးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် အပတ်စဉ် စျေးရောင်းပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က ဦးဆောင်ပြီး ထိပ်တန်းလက်လီ အရောင်းဆိုင်ကြီးများနှင့် ပူးပေါင်းကာ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ဆပ်ပြာ ၊ ခေါက်ဆွဲခြောက်နှင့် အခြားအိမ်သုံးပစ္စည်းများကို စျေးနှုန်းသက်သက်သာသာဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
နွန်သဘူရီခရိုင်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် တာဝန်ရှိသူများက အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုခဲ့ကာ ဒေသထွက်ကုန်များကိုလည်း ရောင်းချခဲ့ကြသည်။ အခြားခရိုင်များတွင်ပါ ထိုစျေးရောင်းပွဲများ တစ်ပြိုင်နက်တည်း စတင်ခဲ့ကြသည်။အစီအစဉ် စတင်သည့် ပထမဆုံးနေ့မှာပင် အလွန်စည်ကားခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။
