မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဥပဒေပါအခွင့်အရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သည့် အခွင့်အရေးများ ဖောက်ဖျက်ခံရပါက ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ကော်မရှင်ဥပဒေ ပုဒ်မ ၃၀ အရ လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးကိုယ်စားဖြစ်စေ၊ လူတစ်စုကိုယ်စားဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
တိုင်ကြားလိုသူများအနေဖြင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပေးပို့နိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မန္တလေး၊ စစ်တွေနှင့် ပုသိမ်ရှိ ကော်မရှင်ရုံးခွဲများသို့လည်း တိုင်ကြားနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ဖက်စ်နံပါတ် ၀၁-၈၆၅၄၆၇၈ နှင့် e-mail လိပ်စာ info@mnhrc.org.mm မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကော်မရှင်က အသိပေးထားသည်။
တိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်အချက်အလက်များ၊ လူ့အခွင့်အရေးဖောက်ဖျက်ခံရသည့် အခြေအနေအသေးစိတ်၊ မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူတို့ကို ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် ရရှိလာသည့် တိုင်ကြားချက်များကို ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအညီ စုံစမ်းစစ်ဆေးကာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
