မြန်မာနိုင်ငံ၏ အကြီးဆုံး Online shop တစ်ခုဖြစ်သည့် SHOP APP MM ၏ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါလုပ်ငန်းက တရားဝင်အသိပေး ကြေညာချက်ထုတ်ပြန်သည်။
ရပ်ဆိုင်းရန် ဆုံးဖြတ်ရခြင်းမှာ လွယ်ကူသည့် ဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်း၊ ယခုထုတ်ပြန်ချက်ကို ဝမ်းနည်းစွာဖြင့် အသိပေးထုတ်ပြန်ခဲ့ရခြင်းဟု ဖော်ပြထားသည်။
” ကျွန်တော်တို့ SHOP APP MM ၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။ ဤဆုံးဖြတ်ချက်သည် ကျွန်တော်တို့ အနေဖြင့် လွယ်ကူစွာချမှတ်ခဲ့ခြင်း မဟုတ်ပါ။ နှစ်ပေါင်းများစွာအတွင်း လူကြီးမင်းတို့၏ နေ့စဉ်ဘဝ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်တို့အား လက်ခံပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းတို့၏ မှာယူမှုတိုင်း ၊ ပံ့ပိုးမှုတိုင်း နှင့် အပြန်အလှန်ဆက်သွယ်မှုတိုင်းသည် ကျွန်တော်တို့အတွက် အဓိက အားအင်များဖြစ်ခဲ့ပါသည်” ဟု SHOP APP MM က ထုတ်ပြန်သည်။
နောက်ဆုံးအော်ဒါများကို ဧပြီ ၂၉ ရက်အထိသာ လက်ခံပေးမည်ဖြစ်ပြီး လက်ရှိမှာယူထားသည့် အော်ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုများနှင့် ငွေပေးချေမှုများ အားလုံးကို တာဝန်ယူမှု အပြည့်ဖြင့် ချောမွေ့စွာ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာမခံသည်ဟု SHOP APP MM က ထုတ်ပြန်သည်။
SHOP APP MM သည် နာမည်ကျော် အွန်လိုင်းပစ္စည်းရောင်းချသည့် အလီဘာဘာ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ကြောင်း သိရသည်။
