အီရန်အပေါ် စစ်ရေးအရေးယူမှုများ ပြန်လည်စတင်ရန် အသင့်ရှိကြောင်း ထရမ့်ပြောကြား

အကယ်၍ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးသွားပြီး သဘောတူညီချက်အသစ် မရရှိခဲ့ပါက အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများ ပြန်လည်စတင်ရန် အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ရက်သတ္တနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နောက်ထပ် သဘောတူညီချက်များ မရဘဲ သက်တမ်းကုန်ဆုံးသွားပါက မည်သို့ဖြစ်လာမည်နည်းဟူသော PBS သတင်းဌာန၏ မေးမြန်းမှုကို “အဲဒီအခါကျရင် ဗုံးတွေ အများကြီး စပေါက်တော့မှာပေါ့” ဟု သူက ဖြေကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် တီဟီရန်တို့သည် အစ္စလာမ္မာဘတ်မြို့တွင် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူညီထားကြောင်း အမေရိကန်သမ္မတက မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း အီရန်ဘက်မှ ပါကစ္စတန်မြို့တော်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်၊ မစေလွှတ်မည်ကိုမူ အသေအချာ မပြောနိုင်ကြောင်း ၎င်းက ဝန်ခံခဲ့သည်။ “ကျွန်တော် မသိဘူး။ ဆိုလိုတာက သူတို့ အဲဒီမှာ ရှိနေသင့်တာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီမှာရှိနေဖို့ သဘောတူထားပြီးသားပါ။ သူတို့ဘက်ကတော့ သဘောမတူဘူးလို့ ပြောနေကြပေမဲ့ မဟုတ်ပါဘူး၊ ဒါက စီစဉ်ထားပြီးသားပါ။ သူတို့ ရောက်မလာဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး” ဟု ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။

အစ္စလာမ္မာဘတ်ရှိ ညှိနှိုင်းရေးမှူးများထံမှ ဘာကို မျှော်လင့်သနည်းဟု မေးမြန်းရာတွင် သမ္မတက “ရိုးရိုးလေးပါပဲ။ အီရန်မှာ နျူကလီးယားလက်နက် လုံးဝ မရှိစေရဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်နှင့် ဆွေးနွေးသည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော ၎င်း၏ သားမက်ဖြစ်သူ ဂျာရက် ကွပ်ရှ်နာသည် ဆော်ဒီအာရေဗျနှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် အကျိုးစီးပွား ပဋိပက္ခရှိနေသည်ဟူသော ပြောဆိုချက်များကို ငြင်းဆိုခဲ့သည်။

“ကျွန်တော်တို့ ညှိနှိုင်းနေတာက အီရန်မှာ နျူကလီးယားလက်နက် မရှိစေရဘူးဆိုတဲ့ အချက်ကလွဲလို့ တခြားဘာမှ မရှိပါဘူး။ သူ (ကွပ်ရှ်နာ) က ဆော်ဒီတွေနဲ့ ဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။ သူက အရှေ့အလယ်ပိုင်းမှာ စီးပွားရေးရှိတာ မှန်ပေမဲ့ အခုချိန်မှာတော့ အဲဒီလုပ်ငန်းတွေမှာ သူ မပါဝင်တော့ပါဘူး” ဟု သမ္မတက ပြောကြားခဲ့သည်။ အီရန်နှင့် ညှိနှိုင်းမှုများသည် နျူကလီးယားလက်နက် မရရှိရေးကိစ္စ တစ်ခုတည်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသော်လည်း၊ အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ပြည်ပရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ပံ့နေမှုများ အစရှိသည့် အမေရိကန်၏ ကျယ်ပြန့်သော တောင်းဆိုချက်များ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပေ။

နိုင်ငံအတွင်း ဓာတ်ဆီဈေးနှုန်းများသည် လာမည့်နှစ်မှသာ တစ်ဂါလန်လျှင် ၃ ဒေါ်လာအထိ ကျဆင်းနိုင်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်၏ ခန့်မှန်းချက်နှင့် ပတ်သက်၍ ထရမ့်က “ကျွန်တော် သူနဲ့ လုံးဝ သဘောထားကွဲလွဲပါတယ်” ဟု ဆိုသည်။ “အကယ်၍ (အီရန်နဲ့ ဖြစ်နေတဲ့ အစ္စရေး-အမေရိကန် စစ်ပွဲ) သာ ပြီးဆုံးသွားမယ်ဆိုရင် ဈေးနှုန်းတွေက အရှိန်အဟုန်နဲ့ ထိုးကျသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

Politico သတင်းဌာန၏ ဖော်ပြချက်အရ ရီပတ်ဘလစ်ကန်ပါတီမှ ဗျူဟာမှူးများသည် နိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းများ မကျဆင်းပါက လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ကြောင်း တွက်ဆထားကြသည်။ အိမ်ဖြူတော်နှင့် နီးစပ်သည့် ဗျူဟာမှူးများအနေဖြင့် ယင်းအခြေအနေ မည်သို့ဖြစ်လာနိုင်သည်ကို ကောင်းစွာ သိရှိထားကြသည်ဟုလည်း အလေးပေး ဖော်ပြထားသည်။

“လက်တွေ့အခြေအနေက အပြောအဆိုတွေထက် ပိုအရေးကြီးပါတယ်။ အကယ်၍ ဓာတ်ဆီဈေး တစ်ဂါလန် ၃ ဒေါ်လာ ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ သေရချည်ရဲ့” ဟု အိမ်ဖြူတော်နှင့် နီးစပ်သူတစ်ဦးက Politico သို့ ပြောကြားခဲ့သည်။

အမေရိကန် မော်တော်ကားအသင်း (AAA) ၏ အချက်အလက်များအရ လက်ရှိတွင် အမေရိကန်၌ ဓာတ်ဆီတစ်ဂါလန် ပျမ်းမျှဈေးမှာ ၄.၀၄၂ ဒေါ်လာ ဖြစ်သည်။ စွမ်းအင်ဝန်ကြီး ရိုက်ကမူ ပြီးခဲ့သည့်အပတ်က ဓာတ်ဆီဈေးသည် လာမည့်နှစ်မှသာ ၃ ဒေါ်လာသို့ ရောက်ရှိနိုင်ကြောင်း ဝန်ခံပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *