ပညာရေးကဏ္ဍအတွက် လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ပြီး ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ​ပြောကြား

ပညာရေးကဏ္ဍအတွက် လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ပြီးငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်အသုံးပြုမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ​ ဦးမင်း​အောင်လှိုင်ကပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် တက်ရောက်အမှာ စကားပြောကြားရာ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံ​တော်သမ္မတက မိမိဦးဆောင်သည့် အစိုးရအဖွဲ့ကို ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက်တာဝန်ရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် တစ်ဦးချင်း စီးပွားဘဝများတိုးတက်ရေး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပညာရေးနှင့် ကျန်းမာရေးသည် အရေးကြီးကြောင်း ​ပြောကြားသည်။

ထို့ပြင် မိမိတို့နိုင်ငံ၏ပညာရေးကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီးကြည့်နိုင်ကြောင်း၊ လွတ်လပ်ရေးမဆုံးရှုံးမီကာလက စနစ်တကျသင်ကြားသည့် ပညာရေးစနစ်အားနည်းခဲ့ ကြောင်း၊ ထိုအချိန်တွင်အခြားနိုင်ငံများ၌ စနစ်တကျဖြင့်သင်ကြားသည့် ပညာရေးစနစ်ကို ကျင့်သုံးနေကြပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးပြီးချိန် နောက်ပိုင်း တွင်လည်း လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းနေရသဖြင့် ပညာသင်ကြားမှုများ အားနည်းချက်ရှိခဲ့ကြောင်း၊ အလားတူ လွတ်လပ်ရေးရရှိပြီးအချိန်တွင်လည်း နိုင်ငံရေးအရသဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးပြဿနာများကြောင့် ပြည်သူများပညာသင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် ပညာရေးအားနည်းချက်များရှိခဲ့ ကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် ပညာမတတ်သူပပျောက်ရေးအတွက် “အ”သုံးလုံး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ ထိုအချိန်တွင် ကျောင်းနေ ရာခိုင်နှုန်းမှာလည်း နည်းပါးခဲ့ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါအချိန်ကတည်းက လူများစုပညာရေးမှာ အားနည်းချက်များရှိခဲ့ကြောင်း၊ သို့သော် လူနည်းစုပညာရေးမှာ ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာအဆင့်မီသည့် ပညာရှင် များလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်သည့် ပါရဂူဘွဲ့ရရှိသူများအထိ များစွာရှိကြောင်း၊ အချို့ ပါရဂူဘွဲ့များသည် ပြည်ပနိုင်ငံများမှရရှိခြင်းမဟုတ်ဘဲ ပြည်တွင်း၌ပင်အောင်မြင်သည့် ပါရဂူများဖြစ်ကြကြောင်း၊ အလားတူ ပြည်ပနိုင်ငံများ၌ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ရရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် လူအများစုပညာရေးများတိုးတက် လာစေရေးပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပြီး မြှင့်တင်ပေး ရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ထို့အတူ ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာမူလတန်း တက်ရောက် သင်ကြားမှုမရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ကောက်ယူရရှိခဲ့သည့် အချက်အလက်များအရ မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိသည်ကိုတွေ့ရှိနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် ပြောင်းလဲ ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍတိုးတက်လာစေရေးအတွက် မိမိတို့အနေဖြ နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော် ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ပညာရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက ​​ပြောကြားသည်။

ပညာရေးအားနည်းချက်များကြောင့် အသိပညာများအားနည်းပြီး ကျန်းမာရေးသည်လည်း အားနည်းသည်ကိုတွေ့ရကြောင်း၊ အလားတူ အတတ်ပညာများ အားနည်းခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုအားနည်းပြီး ဝင်ငွေနည်းပါးကာ အာဟာရပြည့်ဝစွာစားသုံးနိုင်မှုမရှိသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းများကို ပြန်လည်ဆန်းစစ်ကြည့်ပါက အဓိက အားဖြင့် စီးပွားရေးတိုးတက်မှုအားနည်းခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိခြင်းများမှ စတင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြုပြင်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာစေရေးနှင့် ခံယူချက်များကောင်းမွန်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများမြင့်တက်လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ခေတ်အဆက်ဆက်တွင် စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြသော်လည်း အချို့အခြေခံပညာကျောင်းများသည် သတ်မှတ်ထားသည့် အဆင့်အလိုက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြသည်ကို တွေ့ရကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများအားလုံး သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်ပေးမှုများကြောင့်လူငယ်များ၏ အခြေခံစိတ်ဓာတ်များကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင် ကျောင်းကဆိုသည့်အတိုင်း မျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့် လူငယ်များကိုအခြေခံပညာ ကျောင်းများမှ မွေးထုတ်ပေးသွားရန်လိုကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် အခြေခံပညာ ကျောင်းများမှစတင်၍ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ယင်းအပြင် ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများ ဖြစ်ပေါ်လာသည့် အခါ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တွေ့ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် PDF အမည်ခံ သောင်းကျန်းသူများပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအချိန်က ရွေးကောက်ပွဲ ရလဒ်အပေါ်ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက် ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set) ကို မြင့်မားလာအောင် ဆောင်ရွက်သွားရန်လိုကြောင်း။အလားတူ ကျန်းမာရေးကောင်းမွန်ရန်အတွက် ပြည်သူများအနေဖြင့် အာဟာရ ပြည့်ဝစွာဖြင့် စားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့စားသုံးနိုင်ရန်အတွက် နေ့စဉ်ဝင်ငွေများ ရရှိ နေရန်လိုကြောင်း၊ အလားတူဒေသအလိုက် အသား၊ ငါးများကို ဖူလုံစွာဖြင့် ထုတ်လုပ်နေရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံများ၊ တက္ကသိုလ်များကို ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *