မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် မစ္စတာမိုဟာမက်ရှီဘက်ရှာရစ်ဖ် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက်အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ်ရုံး၌ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် မစ္စတာမိုဟာမက်ရှီဘက်ရှာရစ်ဖ်အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်စဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းတွေ့ဆုံမှုအတွင်း ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတို့အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးစသည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
