နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin  ကဂါရဝပြုတွေ့ဆုံ

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့၊ President  ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော် သမ္မတသည် မင့်စ်မြို့ရှိ၊ President ဟိုတယ်သို့ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးကြသည်။ ထိုသို့တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်က ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတအနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့မှုအပါ် ဘယ်လာရုစ်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ မိမိတို့သမ္မတကြီးနှင့် အဆွေတော်သမ္မတကြီးတို့အနေဖြင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးထားဆောင်ရွက်နေသည်ကို မိမိတို့ အနေဖြင့် သိရှိပါကြောင်း၊ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုလည်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေရေးအတွက် ဆွေးနွေးဆောင်ရွက်သွားပြီး အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း နှုတ်ခွန်း ဆက်စကားပြောကြား သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ်နိုင်ငံမှ လှိုက်လှဲ နွေးထွေးစွာဖြင့် ကြိုဆိုသည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့ ကိုယ် စားလှယ်အဖွဲ့ရောက်ရှိချိန်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၏ ရာသီဥတုမှာအေးမြ ကောင်းမွန်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ဘယ်လာရုစ်နိုင်ငံသို့ ယခုလာရောက် သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ပေါင်းစုံတွင် အောင်မြင်စွာဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှတွင် ဘယ်လာရုစ်နိုင်ငံ၏ မိတ်ဆွေ ရင်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *