▪️မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအထိမ်းအမှတ်တံတားတစ်စင်းဖြစ်သည့် ရန်ကုန်-ဒလ တံတား (ဒလတံတား)စီမံကိန်းရှိ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းများ စက်တင်ဘာ ၁၇ရက်နေ့မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ လုပ်ငန်းများဆောင်ရွက်နေစဉ် သတ်မှတ်ထားသည့် ဧရိယာအတွင်း မည်သည့်ရေယာဉ်မျှ ဖြတ်သန်းခြင်းမပြုရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားသည်။
(ဒလ)တံတားစီမံကိန်း၏ ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဩဂုတ်လကုန်တွင် တပ်ဆင်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့သော Form Traveler ကို ပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် လက်ရှိတွင် တံတားတိုင်ခြေများ၏ မြစ်ညှာနှင့်မြစ်ခြေ နှစ်ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflector တပ်ဆင်ထားသော မီးအချက်ပြ Buoy များကို ရေဒါစနစ်ဖြင့် အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန်အတွက် ဖော်ပြပါCoordinate များအတိုင်း ချထားပေးပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ တံတားစီမံကိန်း၏ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း စက် တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီမှ (၁၈) ရက် နံနက် (၈) နာရီအထိလည်းကောင်း၊ စက်တင်ဘာလ (၁၉) ရက် နံနက် (၈) နာရီမှ (၂၀) ရက် နံနက် (၈)နာရီအထိလည်းကောင်း မည်သည့်ရေယာဉ်မျှ ဖြတ်သန်းခုတ်မောင်းသွားလာခြင်း မပြုရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။
▪️နဒီ


