ဒီမိုကရေစီလိုလားသူ ပြည်သူများ၏ ဆန္ဒအမှန်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ အလွန် အရေးပါတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့နေ့ရက်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပါတီစုံဒီမိုကရေစီ ကို အမှန်တကယ်လိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒအမှန်တွေကို ပြတ်ပြတ်သားသား ပေါ်လွင်ထင်ရှားစွာ မြင်တွေ့ခဲ့ရတဲ့ သမိုင်းမှတ်တမ်းဝင်နေ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်၊ အဲ့ဒီနေ့ မနက်စောစောကစပြီး ညနေ နေဝင်မိုးချုပ်ချိန်အထိ မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်က တည်ငြိမ်အေးချမ်းရေး ကို လိုလားတဲ့ပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒအမှန်တွေကို အသဲကြားက မဲတစ်ပြားနဲ့ ဖော်ထုတ် ပြသ ခဲ့ကြသလို သူတို့ရဲ့အနာဂတ်နဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကောင်းများအတွက် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁)ပြုလုပ်တဲ့ မဲရုံတွေဆီကိုခြေဦးလှည့်ကာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ကျေပွန်ခဲ့ကြောင်း သက်သေပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲအပိုင်း(၁)အခြေအနေတွေဟာ အရင်ကပြုလုပ်ခဲ့တဲ့ သမားရိုးကျ ရွေးကောက်ပွဲ အခြေအနေတွေနဲ့မတူညီပဲ ခြိမ်းခြောက်၊ ဟန့်တား၊ နှောင့်ယှက်တိုက်ခိုက်မှုတွေကြားထဲက ပါတီစုံ ဒီမိုကရေစီပန်းတိုင်ကိုရှေ့ဆက်လှမ်းနိုင်ဖို့အတွက် ရလဒ်ကောင်းတွေကို ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်ပါ တယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကိုမလိုလားသူတွေ၊ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ကို လိုရာစွဲ ပုံဖော်ယူနေတဲ့ နိုင်ငံရေးအရေခြုံထားသူတွေအပြင် နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် နည်းလမ်းနဲ့ရယူဖို့ ကြိုးစားနေကြတဲ့ အကြမ်းဖက်သမားတွေရဲ့ နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်၊ နှောင့်ယှက်မှုကို လုံးဝဂရုမစိုက်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လက်မခံနိုင်တော့တဲ့ ပြည်သူတွေ ဟာ သူတို့ရဲ့ဆန္ဒ အစစ်အမှန် တွေကို ရွေးကောက်ပွဲအပိုင်း(၁)ကနေ ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ရွေးကောက်ခံအစိုးရတစ်ရပ် ဖြစ်ပေါ်လာရင် နိုင်ငံရေးအကြောင်းပြ ကိုယ်ကျိုးရှာ အတ္တသမား များအတွက် ရပ်တည်ဖို့ ခက်ခဲမှာဖြစ်သလို လက်နက်ကိုင်လမ်းစဉ်နဲ့ နယ်တစ်နယ် ဓားတစ်စင်း လုပ်ချင်တဲ့ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေအတွက်လည်း တိုင်းရင်းသား အရေးကိစ္စတွေကို တင်ပြနိုင်တဲ့ လွှတ်တော်ပေါ်ပေါက်လာပြီး ဘေးကျပ်နံကျပ် ဖြစ်မှာကိုစိုးရိမ်နေကြ လို့ ရွေးကောက်ပွဲကြီး မဖြစ်ပေါ်လာစေရေး၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုစေရေး၊ ဝေဖန်၊ ပုတ်ခတ်၊ ခြိမ်းခြောက်၊ တိုက်ခိုက်မှုတွေကို ဘက်ပေါင်းစုံက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ဒီလိုဘက်ပေါင်းစုံက နှောင့်ယှက်၊ တိုက်ခိုက်မှု တွေကို ဥပဒေနဲ့အညီ တုံ့ပြန်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချရတဲ့ အခြေ အနေကို ဖန်တီးပေးခဲ့လို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဖိအားမပါဘဲ လွတ်လွတ်လပ်လပ် မဲပေးခွင့် ရတာကို မြင်တွေ့ခဲ့ကြရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲအပိုင်း(၁) မြင်ကွင်းကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် ပါတီစုံဒီမိုကရေစီ လိုလားသူ ပြည်သူများက ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက် မဖြစ်မနေလုပ်ရမဲ့ ရွေးကောက်ပွဲ လုပ်ငန်းကို အားတက်သရော လုပ်ဆောင်ပြသခဲ့ခြင်းဖြစ်သလို ဒီမိုကရေစီမလိုလားသူ အကြမ်းဖက် သမားများက နိုင်ငံရေးအရ တရားဝင်ရပ်တည်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်မပေါ်ပေါက်လာစေရေးအတွက် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားခဲ့ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီလိုလားသူ ပြည်သူများရဲ့ဆန္ဒနဲ့ ဒီမိုကရေစီမလိုလားသူ အကြမ်းဖက် သမားများရဲ့ လုပ်ရပ်များကို ကွဲပြားစွာ မြင်တွေ့ရနိုင်ပြီး ရွေးကောက်ပွဲအပိုင်း(၁)ရလဒ်များအရ အကြမ်းဖက်သမားများရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ရပ်များကို ပြည်သူလူထုကလုံးဝလက်မခံ တော့တဲ့အတွက် ကျရှုံးခဲ့ကြောင်း ထင်ရှားစွာမြင်တွေ့ခဲ့ရပါတယ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ လ ၂၈ ရက်နေ့ နံနက် ၆ နာရီမှာ စတင်ကျင်းပခဲ့ပါတယ်။ မဲရုံတွေဖွင့်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူတွေဟာ စိတ်အားထက်သန်စွာနဲ့တန်းစီပြီး စောင့်ဆိုင်းနေကြတာကို တွေ့ရတာဟာ တကယ့်ကို ကြက်သီး ထစရာပါပဲ၊ အထူးသဖြင့် လူငယ်တွေပါ။ လူငယ်တွေအများကြီး ဆန္ဒမဲလာပေးကြတာကို တွေ့ရတော့ ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar မှ “မဲဆန္ဒပေးတဲ့ သူတွေထဲမှာ လူငယ်တွေအများအပြား တွေ့ရပါတယ်။ ဒါဟာအရမ်းကို ကောင်းမွန်တဲ့အချက်ပါ”လို့ ချီးကျူးသွားခဲ့ပါတယ်။ ဒါ့အပြင် “မဲပေးတဲ့အထဲမှာ လူငယ်တွေများစွာ တန်းစီပြီး မဲပေးနေတာကို ကြည့်ခြင်းအားဖြင့် ဒီနိုင်ငံရဲ့ အနာဂတ်ဟာ အတော်လှပနေပါပြီ” လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ ဒါဟာ ဘာကိုပြသနေသလဲဆိုတော့ နိုင်ငံရဲ့ လူငယ်တွေဟာ လမ်းဘေးက အကြမ်းဖက် လမ်းစဉ်ကို ဆန့်ကျင်ပြီး ဥပဒေဘောင်အတွင်းက ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးချင်နေပြီဆိုတာ သက်သေပြ လိုက်တာပဲ ဖြစ်ပါတယ်။

အဆိုးမြင်မီဒီယာအချို့က လူငယ်တွေရွေးကောက်ပွဲကို ဆန့်ကျင်နေပါတယ်လို့ ပြောနေချိန်မှာ နိုင်ငံတကာလေ့လာသူတွေကတော့ လူငယ်တွေတန်းစီပြီး စိတ်အား ထက်သန်စွာ မဲပေးနေကြတာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတာပါ။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara- Ool ဆိုရင်လည်း “တန်းစီပြီး မဲပေးဖို့ မတ်တပ်ရပ်နေတာတွေ မြင်ရတာဟာ တကယ့်ကို ပြည်သူတွေက စိတ်ပါဝင်စားစွာ ကိုယ့်ရဲ့အနာဂတ်၊ ကိုယ့်ရဲ့မှန်ကန်တဲ့ အစိုးရကို ရွေးချယ်နေတယ် ဆိုတာ ကြည့်တာနဲ့သိနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နီကာရာဂွာ သံအမတ်ကြီး H.E. Mr. Mario Jose Armengol Campos ကိုယ်တိုင် မြေပြင်မှာ လေ့လာပြီး “လေ့လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံပြည်သူလူထုအနေနဲ့ လုံခြုံစွာမဲပေးနေတာကို မြင်ရပါတယ်၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆန္ဒအတိုင်းပေးတာကို တွေ့ခဲ့ရပါတယ်” လို့သက်သေခံပြော သွားတာရှိပါတယ်။ မဲပေးနေကြတဲ့ပြည်သူတွေရဲ့ မျက်နှာပေါ်က အပြုံးတွေ၊ တက်ကြွမှုတွေက ရွေးကောက်ပွဲကို ဖျက်ဆီးလိုသူတွေရဲ့ လုပ်ကြံသတင်းတွေကို အသံတိတ်ချေဖျက်လိုက်ပြီး အဆိုးမြင် မီဒီယာများရဲ့ အတင်းအဓမ္မဖိအားပေး မဲထည့်ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်များဟာ လုပ်ကြံစွပ်စွဲချက်များ သာ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက NLDအဖွဲ့ရဲ့ မဲမသမာမှုတွေနဲ့ အကြီးအကျယ် နာမည်ပျက်ခဲ့ရပြီး နိုင်ငံတကာမှာလည်း ရုပ်ပျက်ဆင်းပျက် အရှက်တကွဲ ဖြစ်ခဲ့ရတာတွေကို အတွေ့အကြုံ သင်ခန်းစာရယူခဲ့တဲ့ နိုင်ငံတော်အစိုးရဟာ ဒီတစ်ကြိမ်မှာတော့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ အစိုးရဆန့်ကျင်ဘက်မီဒီယာတွေက ဘယ်လိုပဲစွပ်စွဲပါစေ၊ လက်တွေ့မဲပေးခဲ့တဲ့ ပြည်သူ တွေရဲ့ ရင်ထဲကစကားသံ တွေကို နားထောင်ကြည့်မယ်ဆိုရင် အဖြေမှန်ကိုသိရမှာပါ။ ပျဉ်းမနားမြို့က ပထမဆုံးမဲပေးဖူးတဲ့ ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်လေး တစ်ယောက်ကဆိုရင် “နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ကျေပွန်သွားပြီလို့ ခံစားမိပါတယ်၊ လူငယ်တွေအတွက် အကျိုးပြုမယ့် ခေါင်းဆောင်ကောင်းကိုလည်း အများကြီးမျှော်လင့်ထားပါတယ်”လို့ ရင်ဖွင့်သွားပါတယ်။ ဒါဟာ လုပ်ဇာတ်ခင်းထားတဲ့ စကားလုံးတွေ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တိုးတက်ဖို့အတွက် ရိုးသားစွာ မျှော်လင့်ချက်ထားပြီး မဲပေးကြတဲ့ပြည်သူတွေရဲ့ စစ်မှန်တဲ့သဘောထားတွေပါ။ သူတို့တွေ ဟာ လေလှိုင်းပေါ်က အဖျက်စကားတွေကို နားမယောင်ဘဲ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း မဲရုံတွေကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ရွေးကောက်ပွဲတစ်ရပ်ရဲ့ အရေးကြီးဆုံး ဖြစ်တဲ့ မဲလက်မှတ်မှားယွင်းမှုမရှိစေရေးနဲ့ မဲအရေအတွက်ကို မဲမသမာမှုတွေလုပ်လို့မရအောင် နည်း ပညာနဲ့ အကာအကွယ်ပေးထားတာဖြစ်ပါတယ်။ အဆိုးမြင်မီဒီယာများက မဲမသမာမှုတွေရှိနေနိုင်တယ် လို့ သံသယဝင်အောင် လှုံ့ဆော်ရေးသားနေကြပေမယ့် တကယ်တမ်းကျတော့ ဒီရွေးကောက်ပွဲမှာ မြန်မာပညာရှင်တွေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Myanmar Electronic Voting Machine (MEVM) ကို အသုံးပြုခဲ့တာပါ။ ဒီစက်တွေ အကြောင်း ကို ဗီယက်နမ်နိုင်ငံအခြေစိုက် နီကာရာဂွာ သံအမတ်ကြီး H.E. Mr. Mario Jose Armengol Campos က ‘Electronic Voting Machine နဲ့ပတ်သက်ပြီး ကောင်းတဲ့ Idea လို့ ကျွန်တော်မြင်ပါတယ်၊ ဒီစက်ကို အသုံးပြုခြင်းအားဖြင့် ပိုမိုလျင်မြန်စွာ မဲပေးနိုင်ပြီးတော့ ရလဒ်တွေကိုလည်း ပိုမိုလျင်မြန်စွာရရှိနိုင်မယ်’လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းပြခဲ့သလိုပဲ ဒီစက်တွေဟာ အင်တာနက်၊ Wi-Fi ၊ Bluetooth ဘာနဲ့မှ ချိတ်ဆက်ထားခြင်းမရှိဘဲ Stand-alone အသုံးပြုတာဖြစ်လို့ ပြင်ပက Hack လုပ်တာ၊ နှောင့်ယှက်တာတွေ လုပ်လို့မရပါဘူး။ ဒါ့အပြင် ပယ်မဲမရှိတော့ဘူး၊ မဲရလဒ်တွေတိကျမှန်ကန် မယ်ဆိုတဲ့ အာမခံချက်လည်း ရှိနေပြန်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ အဓိကသော့ချက်ပါပဲ။ ပြီးတော့ ရွေးကောက်ပွဲစနစ်ကိုလည်း ယခင်ကလို နိုင်သူ အကုန်ယူစနစ် (FPTP) တစ်ခုတည်း မဟုတ်တော့ဘဲ၊ အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ပေါင်းစပ် ထားတဲ့ MMP စနစ်ကို ပြောင်းလဲကျင့်သုံးထားပါတယ်။ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီက ကိုယ်စားလှယ်လောင်း ၄,၈၆၃ ဦးတောင် ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။ ဒါကိုကြည့်ရင် ဒီရွေးကောက်ပွဲ ဟာ အားလုံး ပါဝင်နိုင်ရေးကို ဦးတည်ထားတယ်ဆိုတာ ထင်ရှားနေပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရကို ကောင်းကောင်းနားလည် သဘောပေါက် လာကြပြီလို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်လည်း မဲပေးပြီးနောက်မှာ သတင်းထောက် တွေကို ဖြေကြားသွားတာ မှတ်သားစရာပါပဲ။ ‘ပါတီစုံဒီမိုကရေစီစနစ် လက်ခံတယ် လို့ပြောထားရင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ရွေးကောက်ပွဲကို တကယ်လုပ်ဖို့ကောင်းကြောင်း၊ မဲမပေးဘူးဆိုရင် သူဟာဒီမိုကရေစီစနစ်ကို အပြည့်အဝနားမလည်ဘူးလို့ ယူဆပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ လှုံ့ဆော်မှုတွေကို နားယောင်ပြီး မဲမပေးသူတွေ၊ ကိုယ်ထောက်ခံ အားပေးတဲ့ ပါတီ၊ လူပုဂ္ဂိုလ်မပါဝင်လို့ တစ်ဖက်ပိတ် ပြီးမဲမပေးသူတွေဟာ ဒီမိုကရေစီရေချိန်နိမ့်ပါးပြီး နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်နဲ့ ရပိုင်ခွင့်တွေကို နားမလည်သူများသာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲအပိုင်း(၁)မှာ နိုင်ငံရေးရေချိန်နိမ့်ပါးလို့ မဲပေးပိုင်ခွင့်ရှိသူများ ထဲက မဲလာမပေး သူများရှိနိုင်သလို အကြမ်းဖက်သမားများရဲ့ ခြိမ်းခြောက်မှုတွေ ကြောင့် အသက်အန္တရာယ်ကိုစိုးရိမ်ပြီး မဲလာမပေးသူများလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်လဲ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ No Vote လုပ်သူများထက် ခြိမ်းခြောက်မှု၊ ဟန့်တားမှုများ ကြားကနေမဲလာပေးသူများ ရာခိုင်နှုန်း ပိုမို များပြားနေခြင်းဟာ တည်ငြိမ်အေးချမ်းရေးကို လိုလားနေတဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ထင်ရှားစွာ ပြသနေခြင်း ဖြစ်ပါတယ်။

ထင်ရှားတဲ့အချက်တစ်ချက်ကတော့ အဖျက်သမားတွေရဲ့ No Vote လှုပ်ရှားမှုတွေဟာ လက်တွေ့မှာ သူတို့မျှော်လင့်သလိုဖြစ်မလာဘဲ ရွေးကောက်ပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့သလို၊ ဆန့်ကျင်သူ တွေရဲ့ ရှုံးနိမ့်မှုကိုသာ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားပါတယ်။ No Vote လုပ်လိုက်တာက ကိုယ့်အတွက် အမြတ်ထွက်တာလား ဒါမှမဟုတ် ရွေးချယ်ခွင့်ရှိနေတုန်းမှာ နိုင်ငံကို အကျိုးပြုနိုင်မယ့် ပါတီကို မဲထည့်ပြီး ရွေးချယ်လိုက်တာက အမြတ်လားဆိုတာ ပြည်သူတွေအနေနဲ့ သေချာချင့်ချိန် စဉ်းစားကြဖို့ အချိန်ရောက်ပါပြီ။ အပိုင်း(၁) ကတော့ ပြီးသွားပြီ ဆိုပေမယ့် အချိန်မနှောင်းသေးပါဘူး။ ကျန်ရှိနေသေးတဲ့ ရွေးကောက်ပွဲ အပိုင်း(၂) နဲ့ အပိုင်း(၃)တွေမှာ ဆန္ဒမဲထည့်ဝင်ဖို့ အကျုံးဝင်နေသေးတဲ့ ပြည်သူတွေအနေနဲ့ အပိုင်း (၁) က အခြေအနေတွေကို နမူနာယူပြီး No Vote လုပ်မလား၊ မဲပေးမလား ဆိုတာ ရွေးချယ်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ဒါကြောင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒ အမှန်တကယ်ရှိတဲ့ နိုင်ငံသားကောင်းတွေအနေနဲ့ နိုင်ငံရေးမှိုင်းမိပြီး ကိုယ့်အခွင့်အရေးကို အဆုံးရှုံး မခံဘဲ ဆန္ဒမဲပေးကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။

ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သက်ဝင်ယုံကြည်ပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ် အစား နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့ နိုင်ငံရေးသမားတွေကို ရွေးကောက်ပွဲမဝင်နဲ့ ဆိုပြီး ခြိမ်းခြောက်တာတွေ၊ ပါတီရုံးတွေကို ဗုံးခွဲတာတွေ၊ မဲရုံဧရိယာကို ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ မဲလာ ပေးမယ့် ပြည်သူတွေ စိုးရိမ်ကြောက်လန့်သွားအောင် မဲပေးရမယ့် မနက်ပိုင်းမှာ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနဲ့ မြို့ရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွေဟာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများရဲ့ နိုင်ငံသားတစ်ယောက်ရပိုင်ခွင့်ကို နှောင့်ယှက်တိုက်ခိုက်တာဖြစ်လို့ ဒီအကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်တွေကသာ လူ့အခွင့်အရေးချိုးဖောက်မှု အစစ်အမှန်ပဲ ဖြစ်ပါတယ်။

ပြည်သူအများ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေး မဖြစ်မနေ ဖြတ်သန်းကြရမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝေဖန်၊ တိုက်ခိုက်၊ ဆန့်ကျင်နေတဲ့အဖွဲ့အစည်းများနဲ့ ရွေးကောက်ပွဲကြီး မပျက်ပျက်အောင် နည်းမျိုးစုံနဲ့ ဖျက်ဆီးနေကြတဲ့ အကြမ်းဖက်သမားတွေရှိသလို ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံ၊ ပြည်တွင်းအခြေစိုက် သံရုံး ၁၄ ရုံးမှ လေ့လာစောင့်ကြည့်သူများအပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ၁၃၉ ဦးဟာ မြန်မာ့မြေပေါ်ကို ကိုယ်တိုင်လာရောက်ပြီး ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ခုမှ သတင်းသမား ၂၁၅ ဦးနဲ့ ပြည်တွင်း သတင်းမီဒီယာ ၅၂ ခုမှ သတင်းသမား ၁,၁၇၇ ဦးတို့ကလည်း နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲမှာ တက်ရောက်သတင်းရယူခဲ့ကြပါတယ်။ သူတို့ရဲ့ စောင့်ကြည့်လေ့လာမှု၊ မှတ်ချက်ပြုပြောဆိုချက်များဟာ သိက္ခာရှိတဲ့ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုနိုင်ရေး လုံလောက်တဲ့ သက်သေများပဲဖြစ်ပါတယ်။

အပိုင်း(၁) ရွေးကောက်ပွဲဟာ လွတ်လပ်ပွင့်လင်းမှုနဲ့ တရားမျှတမှုရှိတယ်ဆိုတာကို ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီးတွေကအစ အသိအမှတ်ပြုလက်ခံပေးကြတာကလဲ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဆိုရင် ‘ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဝန်ထမ်းတွေကလည်း လုပ်ငန်းဆောင်ရွက်တာ မှန်ကန် တိကျ ကောင်းမွန်တာကို တွေ့ရပါတယ်၊ အခုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၁) အဆင်ပြေချော မွေ့ပြီး တည်ငြိမ်အေးချမ်းနေတာကို တွေ့ရပါတယ်’လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဘယ်လာရုစ်လွှတ်တော် အမတ် Mr. Shpakouski Aliaksandr ကလည်း “ရွေးကောက်ပွဲများသည် တရားဝင်နိုင်ငံရေး လုပ်ငန်းစဉ်ရဲ့ တစ်ခုတည်းသော မှန်ကန်တဲ့ လမ်းစဉ်ဖြစ်ကာ အာဏာတည်ဆောက်မှု၊ လွှတ်တော် ကျင်းပနိုင်မှုမှာ သန့်ရှင်းသော ယှဉ်ပြိုင်မှုဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်”လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းမှန်ကို အသိအမှတ်ပြုနေတယ်ဆိုတဲ့ သက်သေတွေပါပဲ။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ အပေါ်အပြုသဘောဆောင်လာတဲ့ အထဲမှာ အမေရိကန်နိုင်ငံရဲ့ မူဝါဒပြောင်းလဲလာမှု အရိပ်အယောင်တွေကလည်း ထူးခြားမှုတစ်ခု အနေနဲ့ ပါဝင်လာပါတယ်။ Real Clear Defense မှာ အမေရိကန်အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက ယခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ဆယ်စုနှစ်များစွာကြာ ရပ်တန့်နေခဲ့တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းပုံဖော်ဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rubio ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ တရားမျှတမှု၊ ဒီမိုကရေစီတန်ဖိုးစတာတွေနဲ့ပတ်သက်ပြီး အမြင်သဘောထားထုတ်ဖော် ပြောကြားခြင်း ကို ရှောင်ရှားမယ်လို့ ဆိုထားတာကြောင့် အမေရိကန်အနေနဲ့ အရင်လိုပိတ်ဆို့အရေးယူတာထက် မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက်အရေးပါမှု အပေါ်မူတည်ပြီး လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ဖို့ ဦးလှည့်လာမယ့် အလားအလာတွေကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်သမားတွေအနေနဲ့ လူမှုကွန်ရက်မီဒီယာတွေကနေပြီး ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ၊ မြန်မာပြည်သူတွေကတော့ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးဖို့ ဆုံးဖြတ်ချက် ခိုင်မာနေပြီဆိုတာ ရွေးကောက်ပွဲအပိုင်း(၁) မြင်ကွင်း တွေက သက်သေပြလိုက်ပါပြီ။ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ခင်းမှာ မြင်တွေ့ခဲ့ရတဲ့ မဲရုံဆီသို့ ဦးတည်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ခြေလှမ်းတွေ ဟာရိုးရှင်းတဲ့ လမ်းလျှောက်ခြင်း သက်သက်မဟုတ်ပါဘူး။ သူတို့ခြေလှမ်းတိုင်းဟာ အကြမ်းဖက် လမ်းစဉ်နဲ့ အဖျက်အမှောင့်လုပ်ရပ်များကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး၊ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှုကိုလိုလားကြောင်း ကမ္ဘာသိအောင် သက်သေပြလိုက်တဲ့ သမိုင်းဝင်ခြေလှမ်းများပဲ ဖြစ်ပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့လည်း အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် နေ့မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြို့နယ် ၆၃ မြို့နယ်မှာ ဆက်လက်ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားတာနဲ့ လွှတ်တော်အသစ် ပေါ်လာမယ်၊ အစိုးရအသစ်ဖွဲ့စည်းနိုင်မယ်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ပြည်သူအားလုံးက ယုံကြည်မျှော်လင့်နေကြပါတယ်။

မဲပေးခြင်းဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတင်မကဘဲ တာဝန်တစ်ရပ်လည်း ဖြစ်ပါ တယ်။ မဲပေးခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ လက်သန်းက မင်ရောင်တွေဟာ ဒီမိုကရေစီအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခဲ့ခြင်းရဲ့ ဂုဏ်ယူစရာ သင်္ကေတတွေပါပဲ။ ပြည်သူတစ်ဦးချင်းစီရဲ့ မဲလက်မှတ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးမယ့် အုတ်မြစ်များဖြစ်သလို၊ မဲရုံဆီသို့လှမ်းချီခဲ့တဲ့ ခြေလှမ်းတိုင်းဟာလည်း စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ဆီသို့ ဦးတည်နေတာ အသေအချာပါပဲ။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ရွေးကောက်ပွဲ အပိုင်း (၂)နဲ့ အပိုင်း (၃) မှာလည်း မိမိတို့ရဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ခိုင်မာပြတ်သားတဲ့ ခြေလှမ်းများနဲ့ အတူ မဲရုံတွေဆီသို့ ဆက်လက်ချီတက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

မင်းခန့် (ဆောင်းပါးရှင်)

Leave a Reply

Your email address will not be published. Required fields are marked *