၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်များ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ် မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အပါအဝင် မြို့နယ် ၁၃ မြို့နယ်တို့၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ဒေသခံပြည်သူများကအခြေခံပညာကျောင်းများအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ် ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်စာစောင်များဖြန့်ဝေပေးခြင်းများကို စုပေါင်း ဆောင်ရွက်ကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လှည်းကူးမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ထန်းတပင်မြို့နယ်တို့ရှိ ဘုရားစေတီပုထိုးများ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဘာသာရေးကျောင်းများနှင့် လမ်းမကြီးတို့၌ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်( ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည် သူများပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
