ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ခရီးဆက်နေသော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) နှင့် တပ်မတော်ပင်လယ်သွားဆေရုံရေယာဉ် (သံလွင်) တို့မှ နယ်လှည့် ဆေးကုသရေးအဖွဲ့များက နိုဝင်ဘာ ၂၃ ရက်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်နေ့က ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့်အနီးဝန်းကျင်ရိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၄၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အလားတူ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါခဲ့ကြသော တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်လည်း နိုဝင်ဘာ ၂၃ ရက်နေ့က ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ၊ ကျောင်းသစ်ကျောင်း ဘုန်းကြီးကျောင်း၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများက ငပုတောမြို့နယ်၊ ကန့်မလာကျေးရွာနေ ဦးကျော်ဇင်ဝင်း၏ ဇနီး ဒေါ်ဥမ္မာမြင့်၏ ကိုယ်ဝန်ကို မွန်းလွဲ ၄ နာရီ ၈ မိနစ်တွင် ၇ ပေါင် ၈ အောင်စရှိ သမီးဦးရတနာကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု သိရပြီး ၎င်းကလေးငယ်အတွက် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း စတုတ္ထအကြိမ် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ (၁၈) ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု (၁၉) ကြိမ်မြောက်တွင် ၂၃ ဦးမြောက်၊ ၂၄ ဦးမြောက်၊ ၂၅ ဦးမြောက်နှင့် ၂၆ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



