ရုရှားMMAကစားသမား မာခါချက်ဗ်ဟာ ဝယ်လ်တာဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲမှာ လက်ရှိချန်ပီယံ သြစတြေးလျကစားသမား မက်ဒါလီနာကို အနိုင်ရပြီးနောက် UFC ပြိုင်ပွဲရဲ့ ၁၁ ဦးမြောက် ဝိတ်တန်းနှစ်ခုချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Madison Square Garden မှာ မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကျင်းပတဲ့ UFC 322 ပြိုင်ပွဲမှာ ချန်ပီယံစိန်ခေါ် ပွဲနှစ်ပွဲ ထည့်သွင်းကျင်းပခဲ့ပါတယ်။
ခေါင်တွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ်တန်းစိန်ခေါ်ပွဲ၊ ဒုခေါင်တွဲဆိုင်းအဖြစ် အမျိုးသမီး ဖလိုင်းဝိတ် တန်းစိန်ခေါ်ပွဲ ကျင်းပခဲ့တာဖြစ်တယ်။
လိုက်ဝိတ်တန်း (၁၅၅ ပေါင်)ချန်ပီယံ ခါးပတ်စွန့်လွှတ်၍ ဝယ်လ်တာဝိတ်တန်း (ပေါင် ၁၇၀)ကို တန်းတက်ထိုးသတ်သူ မာခါချက်ဗ်ဟာ ပထမဆုံးပွဲမှာပဲ ပုံစံကောင်း ပြသ၍ ချန်ပီယံခါးပတ် ရယူနိုင်ခဲ့ပါတယ်။
မာခါချက်ဗ်က သူ့ပုံစံအတိုင်း Ground Strike အသားပေးကာ ပွဲချိန်တစ်လျှောက်လုံး လွှမ်းမိုးထားနိုင်ပြီး လက်ရှိချန်ပီယံ မက်ဒါလီနာ ရုန်းကန်ခဲ့ရတယ်။
ငါးချီပြည့်တဲ့အထိ အရှုံးအနိုင်မပေါ်လို့ အမှတ်နဲ့ ဆုံးဖြတ်ရာ ဒိုင်သုံးဦးစလုံးက ၅၀-၄၅ မှတ်စီနဲ့ မာခါချက်ဗ်ကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အသက် ၃၄ နှစ်ရှိပြီဖြစ်သူ မာခါချက်ဗ်အနေနဲ့ UFC ပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၁ ဦးမြောက် ဝိတ်တန်းနှစ်ခုချန်ပီယံ ဖြစ်လာပြီး ဘရာဇီးကစားသမားဟောင်း အန်ဒါဆန်ဆေးလ်ဗားရဲ့ ပွဲဆက်အများဆုံး
နိုင်ပွဲရစံချိန်ဖြစ်တဲ့ ၁၆ ပွဲဆက် အနိုင်ရစံချိန်ကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ်။
ယခင်က UFC ပြိုင်ပွဲမှာ ဝိတ်တန်းနှစ်ခုချန်ပီယံအဖြစ် ရန်ဒီကူတူရေ (ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ ဘီဂျေပန်း (ဝယ်လ်တာဝိတ်၊ လိုက်ဝိတ်)၊ မက်ဂရီဂေါ် (လိုက်ဝိတ်၊ ဖယ်သာ ဝိတျ)၊ စိန့်ပီယာရီ (မစ်ဒယ်ဝိတ်၊ ဝယ်လ်တာ ဝိတျ)၊ ဒန်နီယဲလ်ကော်မီယာ (ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ အာမန်ဒါနူးနက်စ် (အမျိုးသမီး ဖယ်သာဝိတ်၊ ဘန်တမ်ဝိတ်)၊ စီဂျူဒို (ဘန်တမ်ဝိတ်၊ ဖလိုင်းဝိတ်)၊ ဂျွန်ဂျုံးစ် (ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ အဲလက်စ်ပယ်ရေရာ (မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ တိုပူရီယာ (ဖယ်သာဝိတ်၊ လိုက်ဝိတ်)တို့ ရရှိခဲ့ဖူးပါတယ်။
ဒုခေါင်းတွဲဆိုင်းဖြစ်တဲ့ အမျိုးသမီး ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲမှာလည်း လက်ရှိချန်ပီယံ ကာဂျစ္စတန်-ပီရူးနွယ်ဖွား ရှက်ဗ်ချန်ကိုက စထရောဝိတ်တန်းချန်ပီယံ တရုတ်နိုင်ငံသူ ကျန်းဝေလီကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ပါတယ်။
ရှက်ဗ်ချန်ကိုက ပွဲချိန်တစ်လျှောက်လုံး လက်ရည်အသာနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ဒိုင်သုံးဦးစလုံးက ၅၀-၄၅ မှတ်စီနဲ့ ရှက်ဗ်ချန်ကိုကို အနိုင်ပေးခဲ့တာဖြစ်တယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သူ ရှက်ဗ်ချန်ကိုဟာ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ် မတ်လအထိ ကာလရှည်ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ် ချန်ပီယံခါးပတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Photos: UFC




