ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မက်ဆီအနေနဲ့ အသင်းကို တစ်ကျော့ပြန်လာဖို့ မဖြစ်နိုင်ပေမဲ့ နူးကမ့်ကွင်းသစ်မှာ ဂုဏ်ပြုပွဲကျင်းပပေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။လာမာစီယာအကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၁၇ ရာသီကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး (၇၇၈ ပွဲ)နဲ့ ဂိုးအများဆုံး (၆၇၂ ဂိုး) ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။
မက်ဆီဟာ အခုတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေအတွက် အာဂျင်တီးနားအသင်းနဲ့ စပိန်နိုင်ငံမှာ သွားရောက်မပူးပေါင်းခင် နိုဝင်ဘာ ၉ ရက်မှာ အသစ်ပြင်ဆင်တည်ဆောက်နေတဲ့ နူးကမ့်ကွင်းကို ကြေညာထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်လည်ပတ်ခဲ့ပါတယ်။အဲဒီနောက် မက်ဆီက ကစားသမားတစ်ဦးအနေနဲ့ နှုတ်ဆက်စကားပြောရုံမဟုတ်ဘဲ အသင်းကိုပြန်လာလိုကြောင်း Instagram မှာ ရေးသားခဲ့ပါတယ်။
ဒါကြောင့် ဘာစီလိုနာအသင်းကို မက်ဆီ တစ်ကျော့ပြန်လာနိုင်ခြေရှိမရှိ Catalunya ရေဒီယိုရဲ့ မေးမြန်းမှုအပေါ် လာပေါ်တာက ”သူထွက်ခွာသွားတာက ကျွန်တော်တို့ဖြစ်ချင်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ မက်ဆီနဲ့ အသင်းမှာရှိသူအားလုံးအပေါ် အမြင့်ဆုံးလေးစားမှုထားတဲ့အနေနဲ့ ပြောရရင် လက်တွေ့မကျတဲ့ ထင်ကြေးတွေကို ဖြန့်ဝေတာက မသင့်တော်ဘူးလို့ ပြောချင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် နူးကမ့်ကွင်း ပြန်လည်ဖွင့်လှစ်ပါက မက်ဆီအတွက် ဂုဏ်ပြုပွဲပြုလုပ်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လာပေါ်တာက ”သူ လာမယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေမဲ့ နူးကမ့်က သူ့ရဲ့အိမ်ပါ။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတို့က ကျွန်တော့်ကိုပြောပြတယ်။ ဒါက ကောင်းမွန်တဲ့ အပြုအမူတစ်ခုပါ။
သူက ညစာစားပြီးပြီးချင်း သူငယ်ချင်းတွေနဲ့ ဒီကို လာချင်ခဲ့တာပါ။ ဒါဟာ ဘာစီလိုနာရဲ့စိတ်ဓာတ်နဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ လုပ်ရပ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဂုဏ်ပြုပွဲတစ်ခု လုပ်သင့်တယ်ဆိုတာ လီယိုအတွက် မျှတပါတယ်။ ကွင်းပြီးသွားတဲ့အခါ ကျွန်တော်တို့ ပရိသတ် ၁၀၅၀၀၀ ဝင်ဆံ့မှာပါ။ ကျွန်တော်တို့လည်း အဲဒီလိုပဲဖြစ်ချင်ပါတယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
Photos: X
