မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၁၅၀ ဦးနှင့် တောင်ကိုးရီးယားနိုင်ငံသား ၁ ဦးတို့ကို ထမ်မံဖမ်းမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာလ ၂၆ ရက်အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၉၉၆၄ ဦးအထိ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
အလားတူ ၎င်းတို့အနက်မှ ၉၃၃၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၂၅ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

