မြောက်ကိုးရီးယားဟာ ထုံးစံအတိုင်းပင် ယမန်နေ့က အာဏာရအလုပ်သမားပါတီတည်ထောင်ခြင်း နှစ် (၈၀)ပြည့်အခမ်းအနား၌ လက်နက်စနစ်အသစ်တွေချပြလာခဲ့ပါတယ်။
ထိုအနက် လူစိတ်ဝင်စားမှုအများဆုံးမှာ ၎င်းတို့၏ မျိုးဆက်သစ် တိုက်ချင်းပစ်ဒုံးဖြစ်သည့် Hwasong 20 ဖြစ်ပါတယ်။ ယမန်နှစ်က Hwasong 19 ကိုချပြလာပြီးနောက် တစ်နှစ်အကြာ ယခု 2025 တွင် Hwasong 20 ကိုချပြလာတာဖြစ်ပါတယ်။
၎င်း၏ Specifications အချက်အလက်များကို အတိအကျမသိရသေးသော်ညားလည်း အခဲလောင်စာကိုအသုံးပြုလာခဲ့ပြန်သည့် Hwasong 20 ကို “အမိနိုင်ငံ၏ အလွန်အမင်းအစွမ်းထက်သော မဟာဗျူဟာမြောက်လက်နက်” အဖြစ်နိုင်ငံပိုင်မီဒီယာများက တင်စားခေါ်ဆိုနေကြပါတယ်။
ဝင်ရိုး (၁၁)ခုနှင့် ဘီး (၂၂)လုံးပါရှိသော အကြီးစား စစ်ဘက်သယ်ယူပို့ဆောင်ရေးထရပ်ကားကြီး (TEL) ပေါ်၌ တင်ဆောင်ကာ ပွဲထွက်လာသည့် ထို Hwasong 20 ဟာ ယမန်နှစ်ကချပြခဲ့သည့် Hwasong 19 နှင့် ဒီဇိုင်းပိုင်းအရဆင်တူမှုရှိသော်လည်း မတူညီသော ထုတ်လုပ်မှုနည်းပညာအသစ်များဖြင့် တီထွင်ထားခဲ့ပါတယ်။
အထိုအချက်ကို ပိုပြီးသိသာစေသည်မှာ ဒုံးပြွန်ထိပ်၌ တပ်ဆင်ထားသော Nose Cone ဟာ ယခင်မျိုးဆက်များထက် အနည်းငယ်ပိုကြီးနေတာကြောင့် Hwasong 20 ၏ ထိပ်ဖူးဟာ MIRV ထိပ်ဖူး အမြောက်အများသယ်ဆောင်နိုင်မည်ဖြစ်ပြီး ICBM တစ်စီးတည်းမှနေ၍ မတူညီသည့် ပစ်မှတ်များစွာကို ဖြန့်ကားတိုက်ခိုက်နိုင်မည်ဖြစ်ကြောင်းခန့်မှန်းနေကြပါတယ်။
တောင်ကိုးရီးယားစစ်သတင်းထောက်နှင့် People Power Party မှ လွှတ်တော်အမတ်ဟောင်းဖြစ်သူ Yu Yong-weon မှ ထို Hwasong 20 တိုက်ချင်းပစ်ဒုံး၏ ဒီဇိုင်းကိုကြည့်ပါက ရုရှားနည်းပညာများ၏ လွှမ်းမိုးမှုများပါဝင်နေကြောင်းသုံးသပ်ထားပါတယ်။
စာရေးသူမှ Hwasong 20 ၏ ဓာတ်ပုံကို စတင်မြင်ရစဉ်၌ ထိပ်ဖူးဒီဇိုင်းပြောင်းလဲသွားမည်ဟု ထင်ခဲ့သလို နောက်ထပ်မြင်လာရသည့် အချက်တစ်ခုရှိပါတယ်။ ၎င်းမှာ Hwasong 19 ၌ မြင်ခဲ့ရသည့် ပစ်ခတ်ရန် ပြင်ဆင်ချိန်၌ ဒုံးပြွန်ကို မတင်မည့် ဘေးထွက် Hydraulic စနစ် နှစ်ခုကို Hwasong 20 ၌ တွေ့မြင်ရခြင်းမရှိတော့ဘဲ ဗဟိုအခြေပြု ဟိုက်ဒရောလစ်စနစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်။
ဒါဟာ အပေါ်၌ လွှတ်တော်အမတ်ဟောင်း Yu Yong-weon ပြောခဲ့တာကိုသွားပြီး အမှတ်ရမိပါတယ်။ သူပြောတာဟုတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ရုရှားစစ်တပ်သုံး ICBM ယာဉ်များ၌လည်း ယခုလို ဟိုက်ဒရောလစ်စနစ်ကို ဘေးဘက်၌ တွေ့မြင်ရခြင်းမရှိဘဲ ပြွန်၏ ဗဟို၌သာ ထည့်သွင်းထားတာဖြစ်ပါတယ်။
Hwasong 20 ဟာ Speed အပိုင်း၌ Hwasong 19 ထက်တိုးတက်လာနိုင်ချေရှိနေပါတယ်။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုးရီးယားမီဒီယာများ၏ အဆိုအရ Hwasong 20 ဒုံး၌ တပ်ဆင်ထားသော အင်ဂျင်စနစ်သစ်ဟာ ယခင်အင်ဂျင်များထက် တွန်းကန်အားပိုင်း၌ ၄၀% ပိုမိုမြင့်မားလာတာကြောင့်ဖြစ်ပြီး အနည်းဆုံး Mach 5မှ 10 အထိဖြစ်နိုင်ကြောင်း နှင့် အဝေးဆုံးရောက်ရှိနိုင်သည့်အကွာအဝေးကိုလည်း 15000km ထက်များနိုင်ကြောင်း စစ်လက်နက်လေ့လာသူအများစုကခန့်မှန်းနေကြပါတယ်။
မြောက်ကိုးရီးယားစစ်တပ်ဟာ လုပ်နေကျအတိုင်းပင် အောက်တိုဘာ လလယ်၌ ချပြပြီး စမ်းသပ်ပျံသန်းသည့် စစ်ဆင်ရေးကို အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာ လဆန်းပိုင်း၌ ပြုလုပ်လာမှာဖြစ်ပါတယ်။
ယမန်နေ့ကပြုလုပ်ခဲ့သော စစ်ရေးပြ၌ အခြားသောစစ်လက်နက်များကိုလည်းချပြလာခဲ့ပြီး မနက်ဖြန်၌ အချိန်ရလျှင် ထပ်ပြီးတင်ဆက်မှာဖြစ်ကြောင်း ပြောကြားလျက် ဒီနေ့ကတော့ ဒီလောက်ပါပဲ့ဗျာ။
(Military Reviewer)



