ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအားအကြမ်းဖျက်သောင်းကျန်းသူအဖွဲ့ က မိုင်းဖြင့် ဖောက်ခွဲဖျက်စီးခဲ့

စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီ ခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းမိုင်တိုင်အမှတ်၁၂၁/၂၀-၂၁ ကြားရှိ ရထားသံလမ်းအား အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ကမိုင်းဖြင့် ဖောက်ခွဲဖျက်စီးခဲ့သည်။

ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကမိုင်းဖြင့် ဖောက်ခွဲဖျက်စီးထားသဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းအကြားရထားလမ်းပိုင်းအား ယနေ့(စက်တင်ဘာ ၂၇)နံနက်ပိုင်းတွင် ယာယီပိတ်ထားရကြောင်း သိရှိရသည်။မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊နယ်မြေခံ လုံခြုံ ရေးတပ်ဖွဲ့ဝင်တို့က ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းစစ်ဆေး ဆောင်ရွက်ရာတွင် မိုင်းဒဏ်ကြောင့် အရှေ့ဘက် ရထားသံလမ်းသည် (၁)ပေခွဲခန့် (၁)နေရာပြတ်တောက်ခြင်း၊ ယင်းနေရာနှင့် ၃ ပေခန့်အကွာ (၁)နေရာတွင် သံလမ်းဖိနပ် (၁)ပေခွဲခန့် ပြတ်ထွက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ရထားလမ်းပျက်စီးခဲ့ကြောင်းသိရှိရသည်။

မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြတ်တောက်သွားသော သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊လမ်းပြုပြင်ခြင်းများကို နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ၁၅ မိနစ် အချိန်တွင် ပြုပြင်ပြီးစီးသဖြင့် သိမ်ဆိပ်-ဒုံဝန်း ရထားလမ်းပိုင်းအား ယနေ့နံနက် ၁၁နာရီ ၃၅ မိနစ် အချိန်တွင် ပြန် လည်ဖွင့်လှစ်၍ ရထားများပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိသည်။အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မော်လမြိုင်မှ အချိန် မှန်ထွက်ခွာလာသည့် ခရီးသည်(၄၀၁)ဦး ပါရှိသော အမှတ်(၈၂) အစုန် လူစီးအမြန်ရထားသည် ယနေ့ နံနက် ၁၀ နာရီ ၃၂ မိနစ်အချိန်တွင် သထုံဘူတာသို့ ရောက်ရှိ ရပ်နားထားခဲ့ရပြီး နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင်ပြန်လည်ထွက်ခွာခဲ့ရသဖြင့် ရထားစီးပြည်သူလူထုအနေဖြင့် ၄၅ မိနစ်ခန့် ကြန့်ကြာမှု ကြုံတွေ့ခဲ့ရသည်။

▪️အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၂)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၈)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီးယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့်အများ ပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက်ရထားလမ်းနှင့်အခြေခံအဆောက်အဦများပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့်ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည် မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *