၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ နှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် သင်္ချာစွမ်းရည်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ ၂၆ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်း/အရပ်သားဝန်ထမ်း သားသမီးများထဲက (၆)ဘာသာ ဂုဏ်ထူးရှင် (၂၀) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၄၆) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၈၈) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရစစ်သည် (၁) ဦး၊ အောင်ချက်အကောင်းဆုံး တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း (၃)ကျောင်းနှင့် အောင်ချက်အကောင်းဆုံး တပ်မတော်ပညာရေး ကျောင်း(၃)ကျောင်းတို့ကို ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့အပြင် လူရည်ချွန်ဆုရရှိသူ (၄၃) ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းဆုရရှိသူ (၂) ဦး၊ သင်္ချာစွမ်းရည်ဆုရရှိသူ (၁) ဦး တို့ကိုလည်း ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်ပြုလုပ်သည့် ဆုချီးမြှင့်ခြင်း အခမ်းအနား များတွင် (၃)ဘာသာ ဂုဏ်ထူးရှင်(၂၄၈) ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၂၃၈) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၃၉၇) ဦးနှင့် တက္ကသိုလ် ပညာသင်ဆုရရှိသူ (၇၈) ဦးတို့ကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။
ကျောင်းနေစဉ်ကာလတွင် မိမိတို့ ကျေပွန်အောင်ထမ်းဆောင်ရမည့် ပညာရေး တာဝန်ကို ထူးချွန်စွာ ကျေပွန်အောင် ကြိုးစားခဲ့သည့်အတွက် လူရည်ချွန်ဆု ရရှိသူများအား တစ်ဦးလျှင် ရွှေသုံးမတ်သား၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး(၃)ဘာသာနှင့်အထက် ရရှိသူများကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ ဂုဏ်ထူး(၁)ဘာသာနှင့်အထက် ရရှိသည့် စစ်သည်များကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ဆုရရှိသူများကို ပထမဆု ရွှေသုံး မတ်သား၊ ဒုတိယဆု ရွှေငါးမူးသား၊ တတိယဆု ရွှေတစ်မတ်သား နှုန်းစီနှင့် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။




