မိုင်းလားဒေသအတွင်း မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိဟု မိုင်းလားအဖွဲ့ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့ပြော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား မေလ ၂၅ ရက်၊ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ယင်းတွေ့ဆုံမှုအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန်လိုကြောင်းနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုဖြစ်ပေါ်စေ ရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့ က မိမိတို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃ဝ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ဦးဆန်လူတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

Report content on this page

Leave a Reply

Your email address will not be published. Required fields are marked *