၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းသည် နောက်ဆုံးကစားခဲ့သည့်ခြေစမ်းပွဲတွင် MNL ကလပ် အားကာသိပ္ပံအသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် အနီးကပ်ဆုံးယှဉ်ပြိုင်ရမည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ပြီးခဲ့သည့်မတ်လဆန်းပိုင်းကတည်းမှစ၍ တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိပြီး အခါအားလျော်စွာ ပြည်တွင်းကလပ်အသင်းများနှင့် လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေလျက်ရှိကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့်မေ ၇ ရက်က သုဝဏ္ဏလေ့ကျင့်ရေးကွင်းတွင် MNL ကလပ်အားကာသိပ္ပံအသင်းနှင့် လေ့ကျင့်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ(၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ယင်းခြေစမ်းပွဲမှာ လေ့ကျင့်ရေးခြေစမ်းပွဲဖြစ်ခြင်းကြောင့် မိနစ်(၃၀) နှစ်ပိုင်းသာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြန်မာယူ-၂၂ အသင်းသည် ယင်းပွဲမတိုင်မီ ပြီးခဲ့သည့်ဧပြီ ၂၅ ရက်က MNL ကလပ် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားခဲ့ရာတွင်လည်း(၄-၀) ဂိုးဖြင့် အနိုင်ရရှိထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၂၂ အသင်းအတွက် ဂျပန်နိုင်ငံသားနည်းပြ ကူရိုဆာကီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တာဝန်ပေးခန့်အပ်ထားသည်။
မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်မြို့တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲတွင် ဂိုးမရှိသရေကျခဲ့သလို ဒုတိယပွဲတွင်လည်း နှစ်ဂိုးစီ သရေကျခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် လာမည့် ဇူလိုင် ၁၅ ရက် မှ ၃၁ ရက်အထိ ဂျာကာတာနှင့် ဘီကာဆီမြို့နှစ်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
CRD//ELEVEN

