ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု မြန်မာနိုင်ငံ မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးသည့်နောက် အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဟာ မြန်မာနိုင်ငံသို့ ယနေ့ မတ် ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ထားမှုအရ သိရသည်။
အဆိုပါ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့သည် မြန်မာနိုင်ငံ၌ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပြီး တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အသိပေးထားသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငလျင်ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ယင်းငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရရှိထားကြောင်း ကနဦးစာရင်းများအရ သိရသည်။





