မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ရွှေစာရံ – ရဲရွာ – ကျောက်ဆည်လမ်း ဒုဌဝတီတံတားအကျော် တိုးဂိတ်အ လွန်ရှိ မီးသွေးဖုတ်ရွာအနီးတွင် လမ်းမှားပြီး ယာဉ်နောက်ပြန်ဆုတ်သည့် ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲထိုးကျရာ ကလေးငယ်များအပါအဝင် (၆) ဦးသေဆုံးပြီး၊ (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ မတ်လ ၁၅ ရက်ညနေ ၅ နာရီ ၃၀ အချိန်တွင် ရွှေစာရံဘုရားမှ ဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာစဉ် (အုန်းချော) မန္တလေး-ပြင်ဦးလွင်လမ်းကို မထွက်မိသောကြောင့် လုံထိန်းကွေ့မှ ကျောက်ဆည်လမ်း ဒုဌဝတီမြစ်ကူးတံတားဘက်ကို မှားယွင်းစွာထွက်မိမှုကြောင့် ယာဉ်အားနောက်ပြန်ဆုတ်ရင်း ချောက်ထဲ သို့ထိုးကျသွားကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၃) ဦးရှိပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် ဖြစ်စဉ်နေရာသို့ လူမှုကူညီရေး အသင်းများမှ သွားရောက်ကူညီပြီး စဉ့်ကိုင်ပြည်သူ့ဆေးရုံနှင့်မန္တလေးပြည်သူ့ဆေးရုံသို့ သွားရောက်ပို့ဆောင်ရာ (၆) ဦးသေဆုံးပြီး၊ (၇) ဦးဒဏ်ရာရရှိကြောင်း သိရသည်။
“ကားကနောက်ပြန်ဆုတ်ရင်းနဲ့ ချောက်ထဲထိုးကျတာ။ သူတို့က ဘုရားဖူးပြီး ပြန်လာတာ။ မိသားစုတွေကြီးပဲ။ စဉ့်ကိုင်ဆေးရုံမှာ (၃) ယောက်၊ မန္တလေးမှာ (၃) ယောက်သေတယ်”လို့ မြေပြင်အားသွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက PeopleMedia သို့ဖြေကြားသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများမှာ ပြင်ဦးလွင်မြို့၊ မိုးကြိုးရွာမမှ ဘုရားဖူးလာသူများဖြစ်ပြီး သေဆုံးသူများမှာ အသက်(၆) နှစ်အရွယ် မရွှေစင်ချမ်းမြေ့၊ အသက်(၁၀)နှစ်အရွယ်မောင်ကောင်းပြည့်၊ အသက်(၁၅) နှစ်အရွယ် မနိုးနိုး၊ အသက် (၂၅) နှစ်အရွယ် ဒေါ်အိခိုင်၊ အသက် (၄၅)နှစ်အရွယ် ဒေါ်ဖြူဖြူသွယ်နှင့် အသက် (၄၇) နှစ်အရွယ် ဦးစိုင်းအက်စ်(ခ)ဦးထွန်းတို့ကို မတ်လ (၁၈) ရက်နေ့တွင် ပြင်ဦးလွင်ပြည်သူ့ဆေးရုံ (မော်ကျူရီ)မှ (၈)မိုင်သုဿာန်တွင် သဂြိုလ်လိုက်ကြောင်း သိရသည်။
Photo – Credit

