တပ်ရင်းမှူးအိမ်တွင်ဖြစ်သည်။ ကျွန်တော့်ကိုခေါ်လို့ ရောက်လာခြင်းဖြစ်၏။
" လာ.. လူလေး..အလှူလေးတစ်ခု လုပ်ချင်လို့"
ရုတ်တရက် ဆရာ့မျက်နှာကို လှမ်းကြည့်မိသည်။ ကြားရခဲသော စကားဖြစ်လို့။
" လူ၅၀စာလောက် ကြက်သားကြာဇံဟင်းခါး ကျွေးချင်တယ်"
မကြာခင်ကမှ ဒုတိယဗိုလ်မှူးကြီးရာထူးအဆင့်တိုးမြင့်ပြီး ဒုတိယဗိုလ်မှူးကြီး အဆောင်အယောင်တွေ တပ်ဆင်ပြီးချိန်လည်းဖြစ်လို့ မသိမသာများ ကြွားလိုတာလား။
" ဘယ်နေ့ကျွေးမှာလဲခင်ဗျ"
" တနင်္လာနေ့ အစည်းအဝေး အပြီးမှာ ကျွေးချင်တယ်"
တပ်ကိုကျွန်တော်ရောက်ပြီး တပ်ရင်းမှူးနှင့် စတင်တွေ့ရှိ တာဝန်ထမ်းဆောင်စဥ်က တပ်ရင်းမှူးမှာ ယာယီတပ်ရင်းမှူးပင် ရှိသေးသည်။ ဗိုလ်မှူးအဆင့်တံဆိပ်လေးနှင့်ဖြစ်သည်။
တပ်ရင်းမှူး အစမ်းခန့်ကာလ တစ်နှစ်ပြည့်လို့ အဆင့်တိုးမြှင့်သင့်ကြောင်း အထက်အကြီးအကဲများ ထောက်ခံချိန်မှာမှ ဒုတိယဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခံရပြီး အဆောင်အယောင် အဆင့်တံဆိပ်ကိုလည်း ဒုတိယဗိုလ်မှူးကြီး အဆင့်တံဆိပ်များ တပ်ဆင်ရခြင်းဖြစ်သည်။
" ဟုတ်ကဲ့..ရပါတယ်ခင်ဗျ၊ ဆရာကြီးဟန်ထွန်းတို့ကို တာဝန်ပေး လိုက်ပါ့မယ်"
ဆရာ့မျက်နှာတွင် အလိုမကျသော ပုံရိပ်များ ဖြတ်သန်းသွားသည်။
" ကျုပ်က စနစ်တကျနဲ့ အသေးစိတ် လုပ်ချင်တာ၊ အလေအလွင့်လည်း မရှိအောင်လို့ပေါ့၊ ဒီတော့ ကျုပ်ပြောတဲ့အတိုင်း ချက်ပေါ့ဗျာ၊ လူလေးက စာရွက်နဲ့ လိုက်မှတ်လိုက်ပါ"
မှတ်စုစာအုပ်ထုတ်ပြီး မှတ်ရန်ပြင်ဆင်ရသည်။ ဆရာ့ဆီမှ ကြက်သားကြာဇံချက် ချက်မည့် လိုအပ်သော အမယ်စာရင်း ထွက်လာပါတော့သည်။
" ကြက်...၇၀သားထက်မကြီး..၆၀သားထက်မငယ်..နှစ်ကောင်"
ခန့်မှန်း ၆၅ကျပ်သားပေါ့။
" ကြက်သွန်နီ... ကျပ်လုံးခန့်အရွယ် ခပ်လတ်လတ် ၁၀လုံး"
" ကြက်သွန်ဖြူ ၁၀မွှာပါ ၃လုံး"
" ကြာဇံ ၂ပိဿာ"
အောင်မယ်လေးဟဲ့။ လိုက်မှတ်ရင်းရယ်ချင်စိတ်ကို မနည်းချိုးနှိမ်ထားရသည်။ တိကျလိုက်တဲ့ ဦးတိကျကြီး။ အမယ်တွေအားလုံးစုံချိန်..
" ခဏစောင့်ဦး... မောင်သော်ကို ခေါ်ထားတယ်၊ လာလိမ့်မယ်"
အိုင်အို ဗိုလ်ကြီးသော်လွင်ဖြစ်သည်။ တပ်ရင်းမှူး၏ ထောက်လှမ်းရေး အရာရှိ ဖြစ်ပါသည်။ ဗိုလ်သော်ရောက်လာပါပြီ။
"ရောက်ပါပြီ..တပ်ရင်းမှူး"
" တနင်္လာနေ့အစည်းအဝေးနဲ့ ကြာဇံဟင်းခါးကျွေးအလှူမှာ မောင်သော်က ဓာတ်ပုံမှတ်တမ်း တင်ပေးရမယ်"
" ဘယ်ကင်မရာနဲ့ ရိုက်ရမှာလဲ ခင်ဗျ"
" တပ်ပိုင်ကင်မရာနဲ့"
ဗိုလ်သော် ခေါင်းကို တွင်တွင်ကုတ်နေသည်။ တပ်ရင်းမှာက တပ်ပိုင် ကင်မရာ နှစ်လုံးသာရှိသည်။ စစ်ဆင်ရေးမှာသုံးဖို့ စစ်ကြောင်းတစ်ခုကို တစ်လုံးနှုန်းဖြင့် ဝယ်ထားခြင်းဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ တပ်ရင်းမှူးကအစ ဒုဗိုလ်အဆုံး ဘယ်အရာရှိမှာမှ ကိုယ်ပိုင်ကင်မရာ မရှိကြပါ။
တပ်ပိုင်ကင်မရာကလည်း ဥတုသုံးပါးဒဏ် ခံထားရသည်။ ဒါတောင် စနစ်ကျသော တပ်ရင်းမှူးကြီး အမြဲသိမ်းထားလို့ ရိုက်လို့ရသည့်အဆင့်မှာ ရှိနေတာဖြစ်သည်။
ခက်တာက ကင်မရာကို ဗိုလ်သော် မရိုက်တတ်။ အနီးအဝေး အလင်းအမှောင်လည်း မကြည့်တတ်။ မကြည့်တတ်ဆို ကင်မရာက ဆရာ သိမ်းထား တာကိုး။
" ကိုနှင်းသိန်းတို့ ကိုချစ်ဝေတို့ခေါ်ပြီး ရိုက်ခိုင်းရင် ပိုအဆင်ပြေမလား လို့"
မြို့ထဲက ဓာတ်ပုံဆရာများခေါ်ရင် ပိုအဆင်ပြေမှာဖြစ်ကြောင်း ဗိုလ်သော် ဘော်လီဘော ပုတ်ထုတ်လိုက်သည်။
" မရဘူး... မောင်သော်.. လူလေးပဲရိုက်ပါ၊ အရပ်သားကိုခေါ်ရင် လုံခြုံရေးဖက်က စဥ်းစားရသလို ပိုက်ဆံလည်းကုန်မှာ"
ငွေကြေးအကုန်အကျ မခံနိုင်မှုက အဓိကဖြစ်သည်။
" အော်တိုကင်မရာပဲ..ရိုက်ရလွယ်ပါတယ်၊ နည်းနည်းလေ့လာကြည့်ထား၊ ရိုက်ပြီဆိုလည်း တွေ့သမျှ စွတ်ရိုက်မနေနဲ့၊ ကျုပ်ပါတဲ့ပုံ ၁၀ပုံ လောက် ပဲ ရိုက်ပါ"
" ဖလင်လိပ်က ၃၆ပုံပြည့်မှ ဆေးလို့ရမှာဆိုတော့"
" သိတယ်.. ကျုပ်ရိုက်ဆိုတဲ့ ပုံကိုသာရိုက်ပါ၊ အရင်ရိုက်ထားတဲ့ ပုံတွေလည်း ရှိသေးတယ်၊ ပြည့်မှ ဖလင်ဆေးတာပေါ့"
ဘယ်လိုမှ ပြောမရသည့်အဆုံး ဗိုလ်သော်တစ်ယောက် ဆရာပေးလိုက်သော ကင်မရာလေးကိုယူပြီး ပြန်လာကြသည်။ လမ်းမှာ..
" အစ်ကို...မလွယ်ဘူး ထင်တယ်ဗျ၊ ကျွန်တော်ကလည်းမကျွမ်း ဘိုး တော်ကလည်း အမှားမခံနဲ့၊ စိတ်ဓာတ်ပါပဲဗျာ"
" ကြည့်သာလုပ်လိုက်ပေါ့ ဗိုလ်သော်ရာ၊ ဆရာ့အကြောင်းလည်းသိ ရက်သားနဲ့၊ မသေချာရင် ကိုနှင်းသိန်းဆီမှာ ကျူရှင်ပြေးတက်ထားလိုက် လေ"
" ဖလင်တောင် ဘယ်လိုထည့်ရမှန်း မသိတော့လည်း ပြေးရတော့မှာ ပေါ့"
ဗိုလ်သော်ကိုသာ နှစ်သိမ့်နေရသည် ကိုယ့်မှာလည်း ကိုယ့်ဒုက္ခနှင့်ကိုယ်။ ကြက်တွေဖမ်းလိုက် ၇၀သားကျော်နေလို့ ပြန်လွှတ်လိုက်ရနှင့် ၆၅ ကျပ်သား လောက် နှစ်ကောင်ရဖို့ အတော်ရှာရသည်။
ရလာသည့် အမယ်စုံများကို မချက်ခင် ဆရာ့ထံ သွားပြရသေးသည်။ ကြက်တစ်ကောင်ချင်း ချိန်ခွင်ပေါ်တင်ပြီး ၇၀သားမကျော်ကြောင်း ချိန်ပြ နေရတာက အလုပ်တစ်ခု။
ခွင့်ပြုချက် ရသည်နှင့် လူ၅၀စာ ကြာဇံဟင်းခါးကြီးကို ဆရာ့အိမ် အနောက်ဖက်မှာပင် ချက်ရပါသည်။ ကြာဇံအိုးကို စိတ်မချလို့ ခဏခဏလာ ကြည့်နေသည်။ သားကျွေးမှု မယားကျွေးမှု မရှိလေတော့ အားနေပုံရသည်။
ဆရာလစ်ချိန်မှာမှ ကြိုတင်စီစဥ်ထားသော လိုအပ်သည့် အမယ်များ ထည့်ရပါတော့သည်။ သူပြောသည့်အတိုင်းချက်လျင် စားလို့ပင် ရမည်မဟုတ်။ ကြာဇံဟင်းခါး ချက်ပြီးကြောင်း သတင်းပို့ချိန် လာမြည်းသည်။
" မဆိုးဘူး...ကောင်းသား၊ လူလေးတို့ မှတ်ထား..နောက်ကို ကြာဇံ ဟင်းခါး ချက်မယ်ဆိုရင် ဒီအတိုင်းအတာအတိုင်းချက်" ဟူ၏။
တနင်္လာနေ့ အစည်းအဝေးမှာ ကြာဇံဟင်းခါးများဖြင့် အစည်းအဝေး တက်ရောက်သူများအပြင် ရုံးအဖွဲ့ရော ဗဟိုကင်း ကင်းသားတွေပါ ကျွေးနိုင် ခဲ့သည်။
ဗိုလ်သော်လည်း ကင်မရာလေးလွယ်ပြီး တဖျတ်ဖျတ်နှင့် မှတ်တမ်းတွေ တင်နေသည်။ မျက်နှာကတော့ ရီဝေဝေနှင့်။
ကြာဇံဟင်းခါးကို လူ၅၀မက ကျွေးလိုက်နိုင်မှုက သံသယမရှိ ပြီးစီးသွားပေမဲ့ ဗိုလ်သော့်ဆီမှာ ပြဿနာက သွားရှိနေပါပြီ။
ဖလင်ဆေး ဓာတ်ပုံကူးပြီးချိန်မှာစသည့် ပြဿနာဟု ဆိုရပေမည်။ ဗိုလ်သော် ကျွန်တော့်ထံ ရောက်လာသည်။
" အစ်ကိုရေ... မိုးမီးလောင်ပြီဗျ..ခေါင်းကို ဆင်နင်းတာပဲ"
" ဘာဖြစ်လို့လဲ...ဗိုလ်သော်"
" ဒီမှာကြည့်"
သူ့လက်ထဲက ဓာတ်ပုံ၁၀ပုံကို ကျွန်တော့်ထံ လှမ်းပေးနေသည်။ တစ် ပုံချင်း ကြည့်လိုက်မှ...
"ဟင်"
ဗိုလ်သော်ရိုက်ထားသော ဆရာ၏ ပုံများမှာ တစ်ပုံမှ အင်္ဂါစုံအောင် ပါမလာ။ ကိုယ်လုံးကြီးပေါ်ပြီးခေါင်းပြတ်နေရတာနှင့်၊ မျက်နှာကြီးပဲ အနီး ကပ် ပါလာပြီး ပခုံးပေါ်က အပွင့်တွေ မပါရတာနှင့်၊ မှောင်မဲနေရတာနှင့်၊ တုန်နေမှုန်နေတာနှင့်၊ ကြာဇံဟင်းခါး လိုက်ပွဲထည့်နေသူ စစ်သည်၏ ကိုယ်လုံးက တပ်ရင်းမှူးကို ကွယ်နေရတာနှင့်....သွားပြီ။
ဒုတိယဗိုလ်မှူးကြီး အပွင့်ကို ပခုံးပေါ်မှာ စတပ်သည့်နေ့မှာ အမှတ်တရ ဖြစ်ချင်လို့ ကြာဇံဟင်းခါးကျွေးပြီး ဓာတ်ပုံရိုက်ပါသည် ဆိုနေမှ..ခု တော့..
" ဘယ်လိုဖြစ်ရတာလဲ ဗိုလ်သော်"
" ကင်မရာကို ကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်တာလည်း ပါမယ် ထင်တယ်၊ ချိန်တုန်းကတော့ အကောင်းပဲ ခလုတ်ကို နှိပ်ချလိုက်တော့မှ တုန်သွားတာထင်တယ်"
" ညနေကလည်း သောက်ထားသေးတယ် မဟုတ်လား"
" ထမင်းမစားခင် နည်းနည်းပါ..ဇရက်အခုန် လက်အတုန်လည်း ဖြစ်နိုင်တယ်..အဟီး"
" ဒီတော့ ဘာဆက်လုပ်မလဲ"
" မမေးသေးသရွေ့ မေ့ချင်ယောင်ဆောင်ပြီး ရှောင်ပြေးနေမယ်၊ မရ တော့လည်း ရင်ဆိုင်လိုက်ရတော့မှာပေါ့"
ဗိုလ်သော် တစ်ပတ်လောက်တော့ ရှောင်လို့ရသည်။ နောက်ဆုံးတော့ ဓာတ်ပုံတွေ ပြရပြီပေါ့။ အဲ့ဒီနေ့က ဆရာဒေါသထွက်ပုံများ ကြည့်လို့ တောင် မကောင်းဘူး။ ဆရာက ဒေါသထွက်ပြီဆို မျက်နှာကြီးကို တင်းထားပြီး စကားမပြောတော့ဘူး။
နောက်ဆုံးအဖြေက..
" ဓာတ်ပုံဆေးခကအစ ဖလင်ဖိုးအားလုံး မောင်သော်ပေးလျှော်စေ၊ ကင်မရာကို လုံးဝမကိုင်ရ"
တော်သေးသည်။ ကြာဇံဟင်းခါးဖိုးပါ မရှင်းခိုင်းလို့။😅😅😅