အိမ်ရှေ့တံခါးပိတ်၊ နောက်ဖေးတံခါးဖွင့်ထားတဲ့ အာဆီယံ သံတမန်ရေးကစားကွက်

နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာပါတယ်။
–
အဲ့ဒီထုတ်ပြန်ချက်အရ အာဆီယံအဖွဲ့နဲ့ မြန်မာနိုင်ငံအကြား သံတမန်ရေးကစားကွက် အသစ်တွေ ဖြစ်ပေါ်လာနိုင်ပြီး မြန်မာအတွက်တော့ မျှော်မှန်းထားသလောက် တိုးတက်မှု မရရှိ ခဲ့သလို အာဆီယံအဖွဲ့ဘက်ကလည်း မြန်မာနိုင်ငံကို လေသံပျော့ပျောင်းလာတဲ့ အသုံးအနှုန်းများ မြင်တွေ့ခဲ့ရပါတယ်။
–
အထူးသဖြင့်တော့ အာဆီယံအဖွဲ့က သူတို့ရဲ့ ပဋိညာဉ်ကို ချိုးဖောက်ပြီး မြန်မာပြည်တွင်းရေးကို ဖိအားပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး တစ်နိုင်ငံချင်း အလိုက် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေခြင်းကို သဘောတူညီကြောင်း ဖော်ပြ ထားပါတယ်။
–
အာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံဟာ အရေးပါတဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ပေမယ့် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာက လက်ခံလာအောင် မလုပ်နိုင်သေးကြောင်း သုံးသပ်ထားပါတယ်။
–
ဒါကြောင့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုသူတွေကို တက်ရောက်ခွင့် မပြုသေးပေမယ့် အခြားသော အစည်းအဝေးတွေမှာ ဘယ်အဆင့်ပဲဖြစ်ဖြစ် လက်ရှိ ရွေးကောက်ခံမြန်မာအစိုးရကိုယ်စားပြုသူများကို တက်ရောက်ခွင့်ပြုသွားမှာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
–
ဒီထုတ်ပြန်ချက်အရ အာဆီယံဟာ လက်ရှိ မြန်မာအစိုးရကို အဖွဲ့အနေဖြင့် အပြည့်အဝ အသိအမှတ်မပြုသေးသော်လည်း အာဆီယံတစ်နိုင်ငံချင်းအလိုက် ရွေးကောက်ခံအစိုးရအနေဖြင့် ထိတွေ့ဆက်ဆံမှုကို အသိအမှတ်ပြုတဲ့သဘော သက်ရောက်နေပါတယ်။
–
ဒါကြောင့်လည်း အာဆီယံရဲ့ ရှေ့ဆက်လက်ပြီး မြန်မာအစိုးရအပေါ် ဆက်ဆံမယ့် သံတမန်ဆက်ဆံရေးပုံစံကို မြင်သာအောင်ပြောရရင် အိမ်ရှေ့တံခါးပိတ်ထားပြီး နောက်ဖေး တံခါးကနေ ဝင်ခွင့်ပြုထားတဲ့ မရိုးသားတဲ့ အိမ်ရှင်တစ်ယောက်နဲ့တူနေပါတယ်။
–
မြန်မာအစိုးရကတော့ ကိုယ့်အချုပ်အခြာအာဏာအရ အာဆီယံမှာ တန်းတူအသိအမှတ်ပြု ခံရဖို့ မျှော်လင့်ထားပြီး အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းဟာ သံတမန်ရေးအရ နိုင်ငံတကာအသိအမှတ်ပြုမှု ပိုမိုရရှိမှုကလွဲပြီး တခြားအကျိုးအမြတ်မရှိလို့ အာဆီယံအဖွဲ့ကနေ နုတ်ထွက်ဖို့အထိ စဉ်းစားထား ရှိတယ်လို့ ယူဆရပါတယ်။
–
လက်ရှိ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာတော့ မြန်မာကို ပုံမှန်အတိုင်း ပြန်လည်ပါရှိလာစေချင်တဲ့ အာဆီယံနိုင်ငံများ ပိုမိုအားကောင်းလာပြီး မြန်မာအပေါ် သဘောထား တင်းမာတဲ့ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့လို နိုင်ငံကြီးများကလည်း လေသံပြောင်းလာနေပြီ ဖြစ်ပါတယ်။
–
အထူးသဖြင့်တော့ အမေရိကန်လို မြန်မာအပေါ် အမြဲတမ်းဆန့်ကျင် ဖိအားပေးနေတဲ့ ဒီမိုကရေစီနိုင်ငံကြီးကတောင် လက်ရှိမြန်မာအစိုးရအပေါ် ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လာနေပြီ ဖြစ်လို့ အာဆီယံလို နိုင်ငံရေးစနစ်ပေါင်းစုံပါဝင်တဲ့ ဒေသတွင်းအဖွဲ့ငယ်ကလည်း ပုံမှန်ထိတွေ့ ဆက်ဆံမှုများပြုလုပ်လာမယ်လို့ နိုင်ငံရေးလေ့လာသူများက သုံးသပ်မျှော်မှန်းထားကြောင်း သိရှိ ရပါတယ်။

မင်းခန့်

Leave a Reply

Your email address will not be published. Required fields are marked *