ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် JSC Kruto-gorye-Petkovichi စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ နို့စားနွားခြံနှင့် အစာသိမ်းဆည်းသိုလှောင်မှုစနစ်နှင့် အစာကျွေးမှုစနစ်ကိုလည်းကောင်း၊ Mira OJSC “Mashpishc-heprod” Mirabel-by လုပ်ငန်းစု၏ အာလူးစိုက်ပျိုးမှုနှင့် ထုတ်ကုန်များထုတ်လုပ်မှုကိုလည်းကောင်း လေ့လာခဲ့ကြသည်။
ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ MinskInternational Exhibition Center (BELEXPO)တွင် ကျင်းပသည့် (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဗိသုကာ နှင့်ဆောက်လုပ်ရေးပြပွဲ”BUDEXPO-2026 “သို့ တက်ရောက်လေ့လာခဲ့ကြပြီး ဘယ်လာရုစ်နိုင်ငံ၏ ပုဂ္ဂလိကစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်အခြေခံကုန်ထုတ်လုပ်ငန်းများ၊ ဗိသုကာလက်ရာမြောက်အဆောက်အအုံများနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ မြေယာရှုခင်းများကို လေ့လာခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၁ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
