မြောက်ကိုရီးယားအတွက် အခွင့်အလမ်းကောင်းများရနိုင်မယ့် ထရမ့်-ကင်ဂျုံအွန်တွေ့ဆုံမှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်တို့ကြား ထိပ်သီးဆွေးနွေးပွဲအသစ်တစ်ရပ် ပြန်လည်ကျင်းပနိုင်ခြေ မြင့်တက်လာနေပြီး ယင်းတွေ့ဆုံမှုသည် မြောက်ကိုရီးယားအတွက် နိုင်ငံရေးနှင့် စီးပွားရေးအရ အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာစေနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်လာနေသည်။

ထရမ့်သည် လာမည့်လများအတွင်း ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲလုပ်ရန်တွန်းအားပေးနေပြီး ယင်းတွေ့ဆုံမှုသည် ယခင်ဆွေးနွေးပွဲများနှင့်မတူညီသည့် ပုံစံဖြင့်ဖြစ်လာနိုင်သည်။ အထူးသဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာအဖြစ် မထားရှိနိုင်မည့် အခြေအနေသည် ပြုံယမ်းအတွက် အလွန်အရေးပါသည့် အပြောင်းအလဲတစ်ရပ်ဖြစ်လာနိုင်သည်။

ယခင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုများတွင် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို အဓိကထားခဲ့သော်လည်း လက်ရှိအခြေအနေတွင် မြောက်ကိုရီးယား၏ နျူကလီးယားစွမ်းရည်သည် ပိုမိုတိုးတက်လာပြီး ယင်းအခြေအနေကို လျစ်လျူရှု၍မဖြစ်နိုင်တော့သည့် အနေအထားသို့ရောက်ရှိလာသည်။ထိုအခြေအနေတွင် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် လက်တွေ့အသိအမှတ်ပြုခံရရေးကို ရှာဖွေနိုင်သကဲ့သို့ နိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများလျှော့ချရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိရေးအတွက်လည်း အခွင့်အလမ်း ပိုမိုရရှိလာနိုင်သည်။

ထရမ့်ဘက်က အမေရိကန်၏ လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်နိုင်မည့် ရလဒ်တစ်ခုကိုအလိုရှိနေသဖြင့် နှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ် ဖော်ဆောင်နိုင်ရန် အကျိုးစီးပွားများ ဆုံစည်းနိုင်သည့် အခြေအနေရှိသည်။ ထိုသို့သော သဘောတူညီချက်သည် မြောက်ကိုရီးယားအတွက် နိုင်ငံတကာပိတ်ဆို့မှုများ လျှော့ချရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိရေးတို့နှင့် ဆက်စပ်လာနိုင်သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စွမ်းရည်သည်လည်း ဆွေးနွေးပွဲအတွက်အရေးပါသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ဂျပန်ကို ပစ်မှတ်ထားနိုင်သည့် တာတိုနှင့် တာလတ်ပစ်ဒုံးကျည်စနစ်များကို ပိုင်ဆိုင်ထားပြီး နျူကလီးယားစွမ်းရည်နှင့် ဒုံးကျည်နည်းပညာများကို ဆက်လက်တိုးတက်အောင် ဖော်ဆောင်နေသည်။

ယင်းစွမ်းရည်များကြောင့် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့်ဆွေးနွေးရာတွင် လုံခြုံရေးအာမခံချက်နှင့် အပြန်အလှန်အကျိုးရှိမည့် သ ဘော တူညီချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်လာသည်။ ထိုအခြေအနေသည် မြောက်ကိုရီးယားအတွက် ၎င်း၏လုံခြုံရေးအကျိုးစီးပွားများကို တိုက် ရိုက်တင်ပြနိုင်မည့်အခွင့်အရေးကို ပိုမိုခိုင်မာစေနိုင်သည်။

ထို့ပြင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ထိပ်သီးတွေ့ဆုံမှုပြန်လည်ဖြစ်ပေါ်လာခြင်းသည် မြောက်ကိုရီးယား၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေကိုလည်း ပြောင်းလဲစေနိုင်သည်။ အထူးသဖြင့် ဝါရှင်တန်နှင့် ပြုံယမ်းတို့ကြား၌တိုက်ရိုက်ဆွေးနွေးမှု ပုံမှန်ပြန်လည်ဖြစ်ပေါ်လာပါက မြောက်ကိုရီးယားအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ၎င်း၏ရပ်တည်ချက်ကို ပိုမိုခိုင်မာအောင် ဖော်ဆောင်နိုင်မည့် အခြေအနေတစ်ရပ် ရရှိလာနိုင်သည်။

ထို့ကြောင့် ထရမ့်နှင့်ကင်ဂျုံအွန်တို့ကြား ထိပ်သီးဆွေးနွေးပွဲအသစ် ဖြစ်ပေါ်လာပါက မြောက်ကိုရီးယားအတွက် အဓိကအကျိုးကျေးဇူးများမှာ နျူကလီးယားအရေးတွင် လက်တွေ့ကျသော ဆွေးနွေးမှုအခြေအနေ ရရှိလာခြင်း၊ အမေရိကန်ထံမှ လုံခြုံရေးအာမခံချက် ရှာဖွေနိုင်ခြင်း၊ ပိတ်ဆို့အရေးယူမှုလျှော့ချရေးအတွက်ဆွေးနွေးနိုင်ခြင်းနှင့်စီးပွားရေးအရရင်းနှီးမြှုပ်နှံမှုများရနိုင်မည့်အလားအလာများပေါ်ပေါက်လာခြင်းတို့ဖြစ်ပါသည်။Ref:SCMPထက်မြတ်

Leave a Reply

Your email address will not be published. Required fields are marked *