အမေရိကန်-အီရန်တိုက်ခိုက်မှုများကြောင့် ရေနံစိမ်းစျေးနှုန်း ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်

ဟော်မုရေလက်ကြားနဲ့ တခြားရေပြင်တွေမှာ အမေရိကန်နဲ့အီရန်တို့ကြား စစ်သင်္ဘောနဲ့ရေနံတင်သင်္ဘောတွေကို လက်တုံ့ပြန်တိုက်ခိုက်နေကြတာကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံစီးဆင်းမှုကျဆင်းသွားပြီး စက်တင်ဘာလ ၇ ရက်မှာ ရေနံစိမ်းဈေးနှုန်းတွေက သီတင်းပတ်ခြောက်ပတ်အတွင်း အမြင့်ဆုံးနီးပါးအဖြစ် တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးအထိ စျေးမြင့်တက်လာခဲ့ပါတယ်။

ဘရန့်ရေနံစိမ်းစျေးနှုန်းဟာ ၁ ဒသမ ၁၉ ဒေါ်လာမြင့်တက်ခဲ့ပြီး တစ်စည်ကို ၉၇ ဒသမ ၄၇ ဒေါ်လာရောက်ရှိခဲ့ပါတယ်။ ဒါဟာ ပင်လယ်ရေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဇူလိုင်လ ၂၄ ရက်နောက်ပိုင်း အမြင့်ဆုံးစျေးဖြစ်တဲ့ ၉၇ ဒသမ ၉၃ ဒေါ်လာနားအထိမြင့်တက်ခဲ့တာပါ။ အလားတူ အမေရိကန်ရဲ့ WTI ရေနံစိမ်းစျေးနှုန်းသည်လည်း ၇၈ ဆင့်မြင့်တက်ကာ တစ်စည်ကို ၉၂ ဒသမ ၂၆ ဒေါ်လာအထိ စျေးမြင့်တက်ခဲ့ပါတယ်။

စက်တင်ဘာလ ၅ ရက်က အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်ရေနံတင်သင်္ဘော သုံးစင်းကိုတိုက်ခိုက်ခဲ့သလို အီရန်ဘက်ကလည်း ဟော်မုရေ လက်ကြားနဲ့တခြားဧရိယာတွေမှာ ရေနံတင်သင်္ဘောသုံးစင်းနဲ့အမေရိကန်နဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောသုံးစင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျရှိ ရေနံချက်စက်ရုံတစ်ရုံလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဟော်မုရေလက်ကြားကိုဖြတ်သန်းသွားလာတဲ့ ကုန်သင်္ဘောအရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ၁ ရက်ကို ပျမ်းမျှ ၁၀ စင်းအထိ ထက်ဝက်ကျော်လျော့ကျသွားခဲ့ပါတယ်။ အကယ်၍ ရေနံတင်သင်္ဘောကိုတိုက်ခိုက်မှုတွေ ဆက်လက်မြင့်တက်လာပါက ရေနံစိမ်းစျေးနှုန်းဟာ ၁ စည်ကို ဒေါ်လာ ၁၂၀ အထိပင် မြင့်တက်သွားနိုင်တယ်လို့ Goldman Sachs က သုံးသပ်ထားပါတယ်။ Ref: AGC

Leave a Reply

Your email address will not be published. Required fields are marked *