မြောက်ကိုရီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်နိုင်ငံကြားပထမဆုံးကားလမ်းပါတံတားကို စက်တင်ဘာလ ၇ ရက် မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း ရုရှား TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဒီတံတားဟာ နှစ်နိုင်ငံစလုံးရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီတံတားအသစ်ဟာ ၁၉၅၉ ခုနှစ် ကိုရီးယားစစ်ပွဲအပြီး စတင်အသုံးပြုခဲ့တဲ့ ချစ်ကြည်ရေးတံတားအမည်ရှိ မီးရထားလမ်းပါတံတားအနီးမှာ တည်ရှိတာပါ။ ရုရှားဝန်ကြီးချုပ် မီခေးမီရှုစတင်က ဒီတံတားဖွင့်လှစ်မှုဟာ ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ်အသီးသီးမှာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်စေပြီး အလုပ်အကိုင်အသစ်တွေလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ တံတားဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
ဒီတံတား တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်စဉ် သဘောတူညီမှုရပြီးနောက် ပြီးခဲ့သည့်နှစ်ဧပြီလမှာ တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ Ref: ST
