ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံသံအမတ်ကြီးခန့်အပ်လွှာပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ  အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ဩဂုတ်လ ၂၈ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏  ဧည့်ဆောင်တော်၌  ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ဦးစွာ ထိုင်းနိုင်ငံသံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမကြီးသို့ရောက်ရှိပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ထိုင်းနိုင်ငံအလံတို့အားအလေးပြုသည်။ ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီးသည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ကြသည်။                                       

ယင်းနောက်    နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ   ဦးမင်းအောင်လှိုင်ထံ  မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba က ၎င်း၏သံအမတ် ခန့်အပ်လွှာကိုပေးအပ်သည်။

ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ကောင်းမွန်သောသံတမန်ဆက်ဆံမှုများနှင့်အတူ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာတိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ခွဲခွာ၍မရသော  အပြန်အလှန်နားလည်ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများဖွံ့ဖြိုးတိုးတက်ရေးနှင့်နယ်စပ်ဒေသလုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုရှိစေရေး   ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံသည် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းလျက်ရှိပြီး   ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်သွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့   နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ နှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *