မြောက်ကိုရီးယားစစ်သည်များကို တောင်ကိုရီးယားက သတိပေးပစ်ခတ်မှုလုပ်

တောင်ကိုရီးယားတပ်မတော်က ယခုသီတင်းပတ်အစောပိုင်းမှာ  စစ်မဲ့ဇုန်ရှိ စစ်ရေးနယ်နိမိတ်မျဉ်းကို   ကျော်လွန် ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားစစ်သည်တွေကို သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရရဲ့ သတင်းအရင်းအမြစ်ကိုကိုးကားပြီး Yonhap သတင်းဌာနက ဩဂုတ်လ ၁၆ ရက်မှာ ဖော်ပြလိုက်ပါတယ်။ဒီဖြစ်စဉ်ဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ နယ်စပ်မျဉ်းကျော်လွန်မှုအပေါ် တောင်ကိုရီးယားဘက်က ပထမဆုံး အကြိမ် သတိပေးပစ်ခတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပိုင်းနယ်စပ်မှာ မြောက်ကိုရီးယားမှစစ်သည်အများအပြား စစ်ရေးနယ် နိမိတ် မျဉ်းကို ကျော်လွန်လာတာကြောင့် တောင်ကိုရီးယားတပ်ဖွဲ့တွေက လုပ်ထုံးလုပ်နည်းအတိုင်း သတိပေးပစ်ခတ်ခဲ့ရာ မြောက်ကိုရီးယားစစ်သည်များ မြောက်ဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အခြားပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုများ မရှိဘူးလို့ သိရပါတယ်။၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားဘက်က တောင်-မြောက် ဆက်ဆံရေးကို ရန်ဘက် နိုင်ငံ နှစ်ခုအဖြစ် ကြေညာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်များအတွင်း နယ်စပ်ဒေသ ကာကွယ်ရေးစနစ်တွေကို ပိုမို မြှင့်တင်ခဲ့ရာမှ ပြီးခဲ့တဲ့နှစ်မှာ အလားတူ နယ်စပ်မျဉ်းကျော်လွန်လာမှု ဖြစ်စဉ်ပေါင်း ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။

တောင်ကိုရီးယားတပ်မတော် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများအရ နယ်စပ်မျဉ်းအနီးသို့ ချဉ်းကပ်လာမှုရှိပါက သတိပေးအသံလွှင့်ခြင်း၊ မျဉ်းကျော်လွန်ပါက သတိပေးပစ်ခတ်ခြင်းများ ဆောင်ရွက်လေ့ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက် ပြီး မြောက်ကိုရီးယားဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *