ကလေး- တမူး လမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ခါမ်းပါတ်မြို့နယ်၊ ကမ္မကြီးကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိ

တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူလူထုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း အင်တိုက် အားတိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲကာ  ဇွန်လ ၇ ရက်မှစ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့်   အဆိုပါဒေသတစ်ဝိုက်အား ဇွန်လ ၁၀ ရက်တွင်လည်းကောင်း၊ ကလေးမြို့ဘက်မှ ချီတက်လာသောတပ်မတော်စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့အားလည်းကောင်း၊ ဇွန်လ ၃၀ ရက်တွင် ခါမ်းပါတ်မြို့မြောက်ဘက်ရှိ ကနန်ကျေးရွာအားလည်းကောင်း  ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် ကလေး – တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ကို နေ့မအားညမနား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ခါမ်းပါတ်မြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည်  အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်သည့် ကမ္မကြီး(ချင်း)ကျေးရွာအား ဇူလိုင်လ ၁၉ ရက်တွင်လည်းကောင်း၊  ကမ္မကြီး(ဗမာ)
ကျေးရွာအား ဇူလိုင်လ  ၂၁ ရက်တွင်လည်းကောင်း  အသီးသီးထပ်မံသိမ်းပိုက်ရရှိခဲ့သည်။ ထိုသို့တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့်    ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများနှင့် ၎င်းဒေသ တစ်ဝိုက်အား ယာယီစိုးမိုးထားစဉ် ဒေသခံပြည်သူလူထု၏အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကျေးရွာရှိပြည်သူများ၏နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူပိုင်အဆောက်အအုံများအား ဖျက်ဆီးခြင်း၊ နေအိမ်နှင့် ဈေးဆိုင်များအတွင်းမှ အသုံးအဆောင်ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများအား အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ နေအိမ်များအတွင်း ပစ်ကျင်းများ၊  ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများပြုလုပ်ကာ မြို့/ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့်လမ်းများတွင် ဂိတ်စခန်းများတည်ဆောက်၍ အနိုင်ကျင့်ဗိုလ်ကျ ဆက်ကြေးကောက်ခြင်း၊ ကျေးရွာအတွင်းလမ်းမများပေါ်တွင် မိုင်းထောင်ထားခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြုအရေးပါသည့် ကလေး – တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ၊  ဒေသခံပြည်သူများနှင့်ပူးပေါင်း၍လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *