

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အလားအလာများစွာရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို၌ ကျင်းပသည့် မြန်မာ–တရုတ် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတက ထိုသိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇွန် ၈ ရက်တွင် စတင်ခဲ့သည့် သံတမန်ဆက်ဆံရေးမှာ ယခုနှစ်တွင် (၇၆) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် China–Myanmar Economic Corridor (CMEC) စီမံကိန်းများအတွက် မဟာဗျူဟာမြောက် ဆက်သွယ်ချိတ်ဆက်ရာနေရာတစ်ခုဖြစ်ကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်တစ်ခုအဖြစ် အရေးပါသည့် အခန်းကဏ္ဍရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) လုပ်ငန်းများ၊ ရေနံသန့်စင်ထုတ်လုပ်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ ရှိနေကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အဓိကရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်များ၊ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင်လည်း တရုတ်လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ငွေပေးချေမှုစနစ်များ ဖြေလျှော့ဆောင်ရွက်ထားပြီး ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လက်ခံဆောင်ရွက်ပေးနေကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကိုလည်း အပြည့်အဝ အသက်ဝင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူစွမ်းအားအရင်းအမြစ်များကို တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာနှင့် ဈေးကွက်အင်အားတို့နှင့် ပေါင်းစပ်ကာ နှစ်နိုင်ငံအကျိုးတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
