အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ

အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ ဇွန်လ ၃ ရက် ညနေပိုင်းက နေပြည်တော် တပ်မတော်လေဆိပ်ကို ပြန်လည်ရောက်ရှိပါတယ်။

‎နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးက တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ကြပါတယ်။

‎ထို့အပြင် နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို လာရောက်ကြိုဆိုကြတဲ့ ပြည်သူလူထုကလည်း ထောင်ချီရှိပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။

‎နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် မေလ ၃၀ ရက်‌ကနေ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

‎ခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီးနဲ့အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှု နှင့် အသေးစား၊ အငယ်စား ၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

‎ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတကြီးဟာ အိန္ဒိယနိုင်ငံသမ္မတ ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်နယ်အကြီးအကဲတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကိုလည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။

‎အဲဒီအပြင် အိန္ဒိယနိုင်ငံရဲ့ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းတွေကိုလည်း လေ့လာခဲ့သလို ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍတွေအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *