KNLA၊ ABSDF၊ NMSP (မွန်)(ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့ဝင်များမှ အဖွဲ့ဝင် ရှစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ဇွန် ၃ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ကာဘိုင်သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက်၊ M4 A1 သေနတ် ၁ လက်၊ SUR-M9 A-2 YSRA 1YSO1-2419684 9mm အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့်၊ ကျည်အိမ် ၆ ခု၊ စကားပြော စက် ၁ လုံး(အားသွင်းကြိုးပါ)၊ လက်ထိပ် ၁ စုံ တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက် အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀၊ ပစ္စတိုသေနတ် ၁လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၂၀၊ စကားပြော စက်၁လုံးအတွက် ဆုကြေးငွေကျပ် ၂သိန်းနှင့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူ များအတွက် ငွေကျပ် ၂၄သိန်း ၊ စုစုပေါင်း ဆုကြေးငွေ ကျပ် ၁၉၆ သိန်းနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင် အတွင်း ဝင်ရောက်လာကြ သူများက လက်ခံရယူခဲ့သည်။
ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်မှ ၁ ဦး၊ ဘားအံမြို့နယ်မှ ၁ ဦး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ၁ ဦး၊ မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှ ၁ ဦးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း (၈)ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
