မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်နှင့် အကျိုးရှိသော အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။
ဦးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့သည့်အတွက် မိမိတို့ အိန္ဒိယနိုင်ငံအနေဖြင့် ဂုဏ်ယူမိကြောင်း၊ အဆိုပါခရီးစဉ်ကို မြတ်စွာဘုရားရှင်၏ ကောင်းချီးမင်္ဂလာများ ကိန်းဝပ်နေသည့် ဗုဒ္ဓဂါယာမှ စတင်ခဲ့ခြင်းအပေါ် ထပ်တူဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ မိမိတို့သည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကဏ္ဍစုံကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်းသည် ပထမမူဝါဒ ၊ အရှေ့မျှော် မူဝါဒနှင့် ‘အင်ဒို-ပစိဖိတ်’ (Indo-Pacific) မူဝါဒများအတွက် အလွန်အရေးပါသော နိုင်ငံဖြစ်ကြောင်း မိုဒီက ရေးသားခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေး၊ မြေရှားသတ္တု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ချိတ်ဆက်မှု၊ အမွေအနှစ်များကို ထိန်းသိမ်းခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးကဲ့သို့ အခြားကဏ္ဍများတွင်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း မိုဒီက ရေးသားခဲ့သည်။
