မေ ၂၇ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန် လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များသို့ ရောက်ရှိပြီး လမ်းအသုံးပြုခကောက်ခံမှုစနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ်ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်း၍ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရန် တိုးလ်ဂိတ်ရှိ ကတ္တားပေါ်၌ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှု၊ နေ့စဉ်ကောက်ခံရရှိသည့် လမ်းအသုံးပြုခများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းပြုစုထားမှု၊ တိုးလ်ဂိတ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁-၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား (အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားအဟောင်းဖျက်သိမ်းမှုနှင့် တံတားအသစ်တည်ဆောက်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်နှင့် အမှတ် (၃) တိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေ၊ တိုးလ်ဂိတ်ရှိ ကတ္တားပေါ်သို့ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်သွားလာနေမှုများအား ချိန်တွယ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
