ဆန္ဒပြသူများနှင့် ရဲများ ပြင်းထန်သည့် ခိုက်ရန်ဖြစ်ပွားမှုများဖြင့် တုန်လှုပ်ခဲ့ရသော နေ့တစ်နေ့ကုန်ဆုံးသွားပြီးနောက် မေ ၂၅ ရက်ညနေပိုင်းက ဘိုလီးဗီးယားမြို့တော်လာ ပက်ဇ်၌ တည်တည်ငြိမ်ငြိမ်ရှိနေသည်ဆိုသော်လည်း ယင်းတည်ငြိမ်မှုက ကြာကြာမခံသည့် အနေအထားဖြစ်လာနိုင်သည်ဟု ဆိုသည်။
သမ္မတရိုဒရီဂိုပက်ဇ်က ဆန္ဒပြပွဲများ အဆုံးသတ်သွားစေရန်ရည်ရွယ်၍ လစာတစ်ဝက်သာယူမည်ဟု ပြောကြားခဲ့သည့်တိုင် ဘိုလီးဗီးယားတွင် ဆန္ဒပြပွဲများ ဆက်လက်ရိှနေမည့်အနေအထားများကို မြင်တွေ့နေရသည်။
ရဲများနှင့် ဆန္ဒပြသူများ တိုက်ခိုက်တွေ့မှုများမရှိတော့သော်လည်း ဆန္ဒပြသူများက လမ်းများကို ရှင်းလင်းထားသည့် လက္ခဏာများကိုမတွေ့ရသဖြင့် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်နေဦးမည့်အလားအလာရှိနေသည်။
ဆန္ဒပြသူများက မြို့တော်လာပက်ဇ်၏ လမ်းမကြီးများကို ပိတ်ထားသည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။ လမ်းများ ပိတ်ထားခြင်းကြောင့် အစားအသောက်၊ လောင်စာ၊ ဆေးဝါး ပြတ်လပ်မှုများ ဖြစ်ပေါ်လာသည်။
အမေရိကန်ကထောက်ခံသော ဗဟို-လက်ယာသမ္မတပက်ဇ်က ၎င်း၏သမ္မတသက်တမ်း ခြောက်လအတွင်းတွင် ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများ ပြီးဆုံးသွားစေရန်ရည်ရွယ် ၍မျိုးစုံကြိုးပမ်းအားထုတ်ခဲ့သည်။
ဆိုရှယ်လစ်ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုယေးလ်၏မဟာမိတ်ကြီးဖြစ်သော ဘရာဇီးသမ္မတလူးဝစ်အင်နာစီယိုလူ လာဒါဆေးလ်ဗား၏ရုံးက မေ ၂၅ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဘရာဇီးသမ္မတက ဘိုလီးဗီးယားအစိုးရ၊ဘို လီးဗီးယားပြည်သူများနှင့်အတူ တစ်စည်းတလုံးတည်းရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်တင်အမေရိက၌ အထင်ရှားဆုံး လက်ဝဲခေါင်းဆောင်တစ်ဦးဖြစ်သည့် လူလာက မတူကွဲပြားမှုများကို ကျော်ဖြတ်ရန် ဦးစားပေးနည်းလမ်းအဖြစ် အစိုးရနှင့် ဆန္ဒပြသူတို့ စေ့စပ်ဆွေးနွေးကြရန် တိုက်တွန်းခဲ့သည်။
ပစ္စည်းပြတ်လပ်မှုများပြေလည်စေရေးအတွက် အမေရိကန်နှင့်အာဂျင်တီးနားတို့ကလည်း လွန်ခဲ့သောသီတင်းပတ်များတွင် အလားတူ ကမ်းလှမ်းခဲ့ကြသည်။
ကုန်သွယ်ရေးသမဂ္ဂများက လစာတိုးပေးရေး၊ ပုံမှန်လောင်စာရရှိရေး၊ ပိုမိုကောင်းမွန်သော စီးပွားရေး စီမံခန့်ခွဲမှုတို့အတွက် မေလဆန်ပိုင်းတွင် စတင်ဆန္ဒပြကြကတည်းက ဆန္ဒပြပွဲများသည် အစွန်းရောက်ဆန္ဒပြပွဲများဖြစ်လာသည်။
ဘိုလီးဗီးယားတွင် ဧပြီလထဲတွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုသည် ၁၄ ရာခိုင်နှုန်းရှိသည်။
တောင်ပိုင်းမြို့ဆူခရီ၌ သမ္မတက ပြောကြားခဲ့ရာ၌ တိုင်းပြည်အတွက် မိမိ၏လစာကို ၅၀ ရာခိုင်နှုန်းလျှော့ယူရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
သူ၏လစာမှာ လက်ရှိတွင် ဘိုလီဗီယာနော့ ၂၄၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀၀) ဝန်းကျင်ဖြစ်ရာ လက်တင်အမေရိကခေါင်းဆောင်များထဲတွင် လစာအနည်းဆုံးခေါင်းဆောင်ဖြစ်သည်ဆိုသော်လည်း သာမန်ဘိုလီးဗီးယားပြည်သူတစ်ဦး၏လစာထက်ရှစ် ဆပိုများသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့၏ ၂၀၂၄ စာရင်းအင်းများအရ သိရသည်။
သို့တိုင် ဆန္ဒပြမှုပွဲများ ဆက်လက်ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။
