ကိုးကန့်ဒေသရှိ ဝေမိသားစုဝင်များကို တရုတ်နိုင်ငံတွင် ရုံးထုတ်စစ်ဆေး

မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသတွင် ကျားဖျန့်လုပ်ကိုင်သည့် အဓိကအဖွဲ့ဝင်များအပါအဝင် တရားခံငါးဦးကို လူသတ်မှုအပါအဝင် အခြားပြစ်မှုအများအပြားဖြင့် တရုတ်နိုင်ငံတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့ ပြည်သူ့တရားရုံးက အဆိုပါအမှုကို မေလ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။ တရားခံများထဲတွင် ဝေဟွာရန်နှင့် ချန်တာဝေတို့ ပါဝင်သည်။

အစိုးရရှေ့နေများ၏ ပြောကြားချက်အရ ဝေဟွာရန်နှင့် ၎င်း၏မိသားစုသည် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသရှိ ၎င်းတို့၏ စစ်ရေးနှင့် နိုင်ငံရေးဩဇာအာဏာကို အသုံးချကာ တရုတ်နိုင်ငံအတွင်းရှိ လူများကို ပစ်မှတ်ထား၍ ကျားဖျန့်လုပ်ငန်းများ လုပ်ဆောင်ရန် ခြံဝင်းအများအပြားကို တည်ဆောက်ခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ကျားဖျန့်လိမ်လည်မှုမှ ယွမ် ၂ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၃၅၃ သန်း) အထိ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ရာဇဝတ်ဂိုဏ်းသည် ၎င်းတို့အား စပွန်ဆာပေးသူများအတွက် လက်နက်ကိုင်များဖြင့် ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး တရုတ်နိုင်ငံသားနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ချန်နှင့် ကြံရာပါများသည် နောက်ထပ် တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးစေခဲ့သည့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်မှုနှင့်လည်း စွဲချက်တင်ခံထားရသည်။

အစိုးရရှေ့နေများက ဝေဟွာရန်၊ ချန်တာဝေနှင့် အခြားတရားခံများကို လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနှင့် အခြားသောပြစ်မှုဆိုင်ရာ စွဲချက်များဖြင့် ပြစ်ဒဏ်စီရင်ရန် တရားစွဲဆိုထားသည်။

တရားခွင်တွင် အစိုးရရှေ့နေများက သက်သေအထောက်အထားများကို တင်သွင်းခဲ့ကြပြီး တရားခံတစ်ဦးချင်းစီနှင့် ၎င်းတို့၏ ရှေ့နေများက ယင်းသက်သေများကို စစ်ဆေးခဲ့ကြသည်။ 

နှစ်ဖက်စလုံးက ၎င်းတို့၏ ထွက်ဆိုချက်များကို အသီးသီးတင်ပြခဲ့ကြပြီး တရားခံများကလည်း နောက်ဆုံးအယူခံစကားများကို အသီးသီး ပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံ၏ လွှတ်တော်အမတ်များ၊ နိုင်ငံရေးအတိုင်ပင်ခံများ၊ သတင်းထောက်များ၊ အမှုနှင့်ပတ်သက်ဆက်နွှယ်သူများ၏ မိသားစုဝင်များနှင့် အများပြည်သူတို့က တရားခွင်ကြားနာမှုလုပ်ငန်းစဉ်များကို လာရောက်ကြည့်ရှုခဲ့ကြသည်။

အမှုစီရင်ချက်ကိုမူ သင့်တော်သည့်အချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *