ထိုင်းအစိုးရက ရက် ၆၀ ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ပယ်ဖျက်

ထိုင်းအစိုးရအဖွဲ့သည် ရက်​ ၆၀ ကြာ ဗီဇာကင်းလွတ်ခွင့်ပေးထားသည့် အစီအစဉ်ကို မေ ၁၉ ရက်က ပယ်ဖျက်လိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒများကို အကြီးစားပြင်ဆင်သတ်မှတ်ရန် အတည်ပြုခဲ့ပြီး နိုင်ငံများနှင့် နယ်မြေပေါင်း ၉၃ ခုမှ ကမ္ဘာလှည့်ခရီးသွားများအတွက် ရက်ပေါင်း ၆၀ ကြာ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့် အစီအစဉ်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပြင်ဆင်လိုက်သော လုပ်ထုံးလုပ်နည်းများသည် နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို ပိုမိုစနစ်တကျ ရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ အမျိုးသားလုံခြုံရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးနှင့် နိုင်ငံတကာ သံတမန်ရေးရာ အပြန်အလှန်အကျိုးပြုမှုစသည့်အချက်များကို စဉ်းစားပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဗီဇာစည်းမျဉ်းအသစ်များသည် အစိုးရ၏ တရားဝင်အမိန့်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ၁၅ ရက်အကြာတွင် စတင်အာဏာသက်ရောက်မည် ဖြစ်သည်။

အဓိကအကျဆုံး အပြောင်းအလဲမှာ ယခင်က ခွင့်ပြုထားခဲ့သည့် နိုင်ငံနှင့် နယ်မြေပေါင်း ၉၃ ခုလုံးအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ရာနှုန်းပြည့် ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ကောင်စစ်ဝန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မုန်ကွန်း ပရာတွမ်ကေအိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရသည် ရက် ၃၀ ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ် ရရှိနိုင်သည့် နိုင်ငံအရေအတွက်ကို ၅၇ နိုင်ငံမှ ၅၄ နိုင်ငံသို့ လျှော့ချခဲ့ပြီး၊ ယင်းအစီအစဉ်သည် ကမ္ဘာလှည့်ခရီးသွားများအတွက်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သည် နိုင်ငံများ နှင့် နယ်မြေ ၃ ခုမှ ကမ္ဘာလှည့်ခရီးသွားများအတွက် ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အသစ်တစ်ခုကိုလည်း ကြေညာခဲ့ပြီး ဆိုက်ရောက်ဗီဇာအစီအစဉ်ကိုမူ ခွင့်ပြုထားသည့် နိုင်ငံများနှင့် နယ်မြေ အရေအတွက်ကို ၃၁ ခုမှ ၄ ခုအထိ လျှော့ချခဲ့ကြောင်း မုန်ကွန်းက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *