ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၈ တွင် မည်သူမျှ လိုင်စင်မရှိဘဲ ဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရဆိုသော တားမြစ်ထားသည့်အချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပေါ်ပေါက်လျှင် ပုဒ်မ ၁၇၁ အရ အရေးယူခြင်းခံရမည်ဟုဆို
Social Media များပေါ်တွင် ကြော်ငြာလျက်ရှိသော Digital Bank အပါအဝင် အဖွဲ့အစည်းများသည် ဗဟိုဘဏ်က လုပ်ငန်းဆောင်ရွက်ရန် လိုင်စင်ထုတ်ပေးထားခြင်းမရှိသဖြင့် ဆုံးရှုံးနစ်နာမှုများ မရှိစေရေး ယင်းအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်သည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးပြီး အဆိုပါအဖွဲ့အစည်းများအား စည်းမျဉ်းစည်းကမ်းချမှတ်၍ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း (Regulations & Supervisions)ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်က လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားသော ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ စာရင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website- www.cbm.gov.mm တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ စာရင်းတွင် မပါဝင်သည့် Social Media များပေါ်တွင် ဖော်ပြကြော်ငြာလျက်ရှိသော Digital Bank အပါအဝင် အဖွဲ့အစည်းများသည် ဗဟိုဘဏ် က ဘဏ်လုပ်ငန်းဆောင်ရွက်ရန် လိုင်စင်ထုတ်ပေးထားခြင်း မရှိသဖြင့် မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများ မရှိစေရေးအတွက် ပြည်သူများအနေဖြင့် အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန် အသိပေးကြေညာအပ်ပါကြောင်း ဗဟိုဘဏ်က ဆိုသည်။
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၈ တွင် မည်သူမျှ လိုင်စင်မရှိဘဲ ဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရ ဟု တားမြစ်ထားပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားပေါ်ပေါက်လျှင် ပုဒ်မ ၁၇၁ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။
