တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းသီတာဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

Moe Zaw Oo

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် တပ်မတော်နှင့်ပြည်သူကိုသွေးခွဲရန် နည်းမျိုးစုံဖြင့်ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း၊ အချို့ဝန်ထမ်းများသည်လည်း နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲကွဲပြားပြားသိမြင်မှုမရှိဘဲ နားယောင်၍ DCS လုပ်ဆောင်ခဲ့သဖြင့် ခက်ခဲမှုများစွာဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း၊ ဆက်လက် ၍လည်း နိုင်ငံတော်အစိုးရ၏  ဦးဆောင်မှုအောက်တွင် တပ်မတော်နှင့်ပြည်သူ၏ ညီညွတ်သောအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ကာ အကြမ်း ဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူ၏ နေအိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ချင်းပြည်နယ်၊ ဖလမ်းဒေသတစ်ဝိုက်အား ယာယီစိုးမိုး၍ ပြည်သူ အပေါ်အနိုင်ကျင့်စော်ကားလျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်း သုတ်သင်၍ အဆိုပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်နှင့်ပြည်သူလက်တွဲကာ ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြဝတီ-သင်္ဃန်းညီ နောင်-ကော့ကရိတ် ဆက်သွယ်ရေးလမ်းကြောင်းနှင့် မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း တပ်မတော်က ပြန် လည်ထိန်းချုပ်ဖွင့်လှစ်ကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် လမ်းတံတားများကိုလည်း ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တပ်မတော်၏ထိရောက်သော စစ်ဆင်ရေးဆောင်ရွက်မှုများအပေါ် ဒေသခံပြည်သူလူထုအနေဖြင့် သောင်းသောင်းဖြဖြလှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြိုဆိုကြသကဲ့သို့ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကိုလည်း ရရှိလျက်ရှိကြောင်း၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် ပြည်သူကိုကာကွယ်စောင့်ရှောက်မည်ဟူသော  ခိုင်မာသည့်သစ္စာတရား၏အကျိုးကျေးဇူးကို ပြန်လည်ခံစားရခြင်းပင်ဖြစ်ကြောင်း၊ တိုက်ပွဲများတွင် စွမ်းစွမ်းတမံဖြင့် နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက်၊ တပ်မတော်အတွက် ထူးကဲစွာစွမ်းဆောင်နိုင်သူများကိုလည်း အသိအမှတ်ပြုဂုဏ်ပြုပေးလျက်ရှိကြောင်း။

တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ၂၄ နာရီတာဝန်ရှိသည့် ခိုင်မာသောအဖွဲ့အစည်းဖြစ်ကာ အထက်အောက်လေးစား၍ အမိန့်နာခံမှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ သေအတူယှဉ်မကွာသော သံယောဇဉ်တရားဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ နေ့စဉ်လုပ်ဆောင်နေသော သမားစဉ်လုပ်ငန်းများသည် လေ့ကျင့်နေမှုပင်ဖြစ်၍ အားလုံးတစ်စုတစ်စည်းတည်းလိုက်ပါ ဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်မှုကိုရရှိစေကြောင်း၊ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်းမွန်မှသာ တိုက်ပွဲကိုအောင်မြင်နိုင်မည်ဖြစ်၍ စွမ်းရည်ရှိအောင် ကိုယ်စီတစ်ဦးချင်းမှစ၍ လေ့ကျင့်နေရန်လိုကြောင်း၊ တိုက်စွမ်းအားကောင်းမွန်ရန် နိုင်ငံတော်နှင့် တပ်မတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင်ပြောင်းလဲလာသော ခေတ်မီစစ်လက်နက်ပစ္စည်းများနှင့် စစ်နည်းဗျူဟာများကိုလည်း မျက်ခြည်မပြတ် လေ့လာ၊ လေ့ကျင့်နေရန်လိုကြောင်း၊ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော စစ်ပွဲများ၏သုံးစွဲနေသောလက်နက်များနှင့် နည်းပညာများကိုလည်း အမြဲလေ့လာသုံးသပ်နေရန် လိုကြောင်း။ 

အသိပညာ အတတ်ပညာရှိရန် အတန်းပညာနှင့် စာဖတ်ခြင်းကို ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြင်ပစာပေများဖတ်ရှုလေ့လာနိုင်ရန်လည်း တပ်ရင်း၊ တပ်ဖွဲ့များရှိ စာကြည့်တိုက်များကို စာကောင်းပေမွန်များ အမြဲဖြည့်ဆည်းပေးနေရန်    လိုကြောင်း၊ စာများများဖတ်ရှုလေ့လာမှသာ အသိပညာဗဟုသုတများရရှိလာမည်ဖြစ်ပြီး အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်းဆောင်ရွက်ပေးလျက်ကြောင်း၊ မိမိတို့၏သားသမီးများ စဉ်းစားတွေးခေါ်တတ်သည့် ပညာတတ်လူငယ်များ ဖြစ်စေရေး အားပေးဆောင်ရွက်သွားရန်၊ တပ်မတော်သားများ၏ သား/သမီးအားလုံးကို နှစ်စဉ် တန်းစဉ်ကူးပြောင်းမှုတွင်ပါဝင်နိုင်ရေးနှင့်အနည်းဆုံး KG+9 အဆင့်အထိ တတ်မြောက် အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

အုပ်ချုပ်မှုအပိုင်းတွင် တပ်မှူးများသည် ဖခင်ကောင်းစိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းစိတ်ဓာတ်ဖြင့်အုပ်ချုပ်သကဲ့သို့ တပ်မှူးများ၏ဇနီးများသည်လည်း မိခင်သဖွယ် စိတ်ဓာတ်ဖြင့် ထိန်းကျောင်းပေးရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှု ကောင်း မွန်ရန် အထက်အောက်ဆက်ဆံရေးကောင်းမွန်နေရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးမှု တည်ဆောက်ခြင်းသည် အင်အားတည်ဆောက်ခြင်းသာဖြစ်ပြီး စစ်ရေးစွမ်းရည်ကိုဖြစ်ပေါ်စေကြောင်း၊ အုပ်ချုပ်မှုကောင်းမွန်ရန် မျက်နှာလိုက်ခြင်းကင်းမဲ့သော၊ ကျောသားရင်သားမခွဲခြားသောစိတ်ဓာတ်တို့ဖြင့် မျှတစွာစီမံဆောင်ရွက်ကွပ်ကဲအုပ်ချုပ်ရန်လို ကြောင်း။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်မှူးများအနေဖြင့် မိမိတပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင်  ရပိုင်ခွင့်များအား အချိန်မီနှင့်ပြည့်ဝစွာ ရရှိအောင် စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မှူးများသည် မိမိတပ်အပေါ် အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့်တရားစီရင်ရေးအရ အခွင့်အာဏာအပ်နှင်းခံထားရသူများဖြစ်၍ အမြော်အမြင်ကြီးမားပြီး စိတ်သဘောထားပြည့်ဝနေရန်လိုကြောင်း။

ကလောဒေသသည် ရာသီဥတုအရ သာယာကောင်းမွန်ပြီး ရေခံ၊ မြေခံကောင်းမွန်သောဒေသဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသည် လက်တွေ့အကျိုးကိုခံစားရသည့် လုပ်ငန်းတစ်ရပ်ဖြစ်၍ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြရန်မှာကြားလိုကြောင်း၊ ထိရောက်အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်ထုတ်လုပ် မှုကိုအထောက်အကူပြုနိုင်မည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း အထိုက်အလျောက်လျော့ချပေးနိုင်မည်ဖြစ်ကာ ပိုလျှံသောကုန်ပစ္စည်းများကို တပ်နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ပါက လက်တွေ့ပါသော စည်းရုံးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိဒေသအပေါ်  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း။

စိတ်ဓာတ်သည် စည်းကမ်းနှင့်ဆက်စပ်လျက်ရှိပြီး ကိုယ်တိုင်စိတ်ဓာတ်မြင့်မားအောင် တည်ဆောက်ရန်လိုကြောင်း၊ စိတ်ဓာတ်နှင့်စည်းကမ်းသည် ပြုပြင်တည် ဆောက်၍ရသော အရာများဖြစ်၍ ကိုယ်တိုင်လည်းစိတ်ဓာတ်မြင့်မားအောင် ကျင့်ကြံ သကဲ့သို့ မိမိအဖွဲ့အစည်းကိုလည်း လေ့ကျင့်ပေးရန်လိုကြောင်း၊ သဘောကောင်းမှုနှင့် စေတနာကောင်းမှုသည်မတူညီကြောင်း၊ ပြောဆိုဆုံးမပဲ့ပြင်မှုသည် စေတနာကောင်းမွန်မှုကို အခြေခံခြင်းဖြစ်၍ စည်းကမ်းဖောက်ဖျက်မှုနှင့် ပတ်သက်ပါက အသေးအဖွဲ့မှစ၍ လျစ်လျူမရှုရန်လိုကြောင်း။

တပ်မတော်သားများဖြစ်သည့်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်များကိုလိုက်နာကြရန်လိုကြောင်း၊ မလိုလားအပ်သော အပျော်အပါး၊ မူးယစ်ဆေးဝါး၊ လောင်းကစားအပါအဝင် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကြရန်လိုကြောင်း၊  မူးယစ်ဆေးဝါးမှု၊  ငွေကြေးရှုပ်ထွေးမှုများသည် တပ်တွင်းစည်းလုံးညီညွတ်မှုကိုပျက်ပြား စေကြောင်း၊ အလားတူလူမှုရေးရှုပ်ထွေးမှုသည်လည်း ခွင့်လွှတ်၍မရသော ကိစ္စရပ်များဖြစ်ကြောင်း။

ပေးအပ်သောလုပ်ငန်းတာဝန်များနှင့် မိသားစုအပေါ် တာဝန်ကျေပွန်စွာထမ်း ဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ ကျန်းမာရေးမကောင်းခြင်းကြောင့် လူမှုရေး၊ စီးပွားရေး စသည်တို့ကိုထိခိုက်ပျက်ပြားစေကြောင်း၊ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ အရေးကြီးပြီး ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် ပါဝင်လုပ်ဆောင်သွားကြရန်ရန်လိုကြောင်း၊ ကျန်းမာရေးသည် မိမိကိုယ်တိုင်ဆောင် ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်အောင် စနစ်တကျနေထိုင်စားသောက်ရန်လိုကြောင်း။

ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များတွင် ရဲရဲဝံ့ဝံ့ဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြကြောင်း၊ စွန့်လွှတ်စွန့်စားစိတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသူများကို တစ်ဆင့်မြင့်ရာထူးများချီးမြှင့်ခြင်း၊ စွမ်းရည်သတ္တိဆိုင်ရာဆုတံဆိပ်များ ချီးမြှင့်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံ့သားကောင်းပီသစွာ နိုင်ငံတော်ကာကွယ် ရေးနှင့်လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ၎င်းတို့၏သဘောဆန္ဒအလျောက် ဆက်လက်ဆန္ဒပြုကြသူများလည်း များစွာရှိသဖြင့် ၎င်းတို့ကို ရဲဘော်ရဲဘက်စိတ်ဓာတ်ဖြင့် လက်တွဲခေါ်ဆောင်ပေးရန်လိုကြောင်း၊ အလားတူတပ်မတော်၏ အရန်အင်အားများဖြစ်သည့် စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်တွင် တပ်မတော်သားများနှင့်လက်တွဲကာ လုံခြုံရေးတာဝန်များကို တာဝန်သိသိဖြင့် ထမ်းဆောင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ၎င်းတို့၏မိသားစုဝင်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေရန် လိုကြောင်းဖြင့်ပြောကြားပြီး အရာရှိ၊ စစ်သည်၊ ရဲမေများ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တပ်နယ်မှူးက လည်း ကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြ သည်။

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နန်းသီတာဘက်စုံစိုက်ပျိုးရေးမွေးမြူရေးစခန်းများသို့သွားရောက် ကြည့်ရှုစစ်ဆေးရာ ဦးစွာ ရှင်းလင်းဆောင်တွင် တိုင်းမှူးက နန်းသီတာ စိုက်ပျိုးမွေးမြူရေးစခန်းဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း စပါး၊ နေကြာ၊ တစ်သျှူးငှက်ပျော၊ DYL ဝက်၊ နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ အသားတိုးကြက်၊ ဥစားဘဲ၊ငါးများနှင့် ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင် ရွက်ခြင်းသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေးကိုဖော်ဆောင် ပေးခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းအောင် အရှိန်အဟုန်ဖြင့်ဆောင် ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ ပိုလျှံသော စားသောက်ကုန်ပစ္စည်းများကို ဒေသအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အမှန်တကယ်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ပါဝင်စားသူများနှင့် အမှန်တကယ်ကျွမ်းကျင်သူများကို တာဝန်ပေးပြီး ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် စီမံဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများအား လမ်းညွှန်မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းများအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *