ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့်ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ

ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဒေသဆိုင်ရာအချက်အလက် များ၊  မိုးရေချိန်ရရှိမှုနှင့်  မြေအသုံးချမှု၊ ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၄-၂၀၂၅ (၅) နှစ်တာ ကာလအတွင်း   လယ်ယာကဏ္ဍဆိုင်ရာ သီးထပ်၊ သီးနှံစိုက်စွမ်းအားတိုးတက်မှု၊  ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အရေးကြီးသီးနှံ(၁၄)မျိုး စိုက်ပျိုးထုတ်လုပ်မှုနှင့် ပန်းတိုင်ရရှိမှု၊ နှစ်အလိုက် ဆန်၊ ဆီ၊ ပဲ ဖူလုံမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှရယူထားရှိမှုနှင့်ပြန်လည်ပေးဆပ်နိုင်မှု၊ ပထမရက် ၁၀၀ အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဒေသတွင်း MSME လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် စက်မှုဇုန်များ တည်ထောင်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု သမဝါယမ အသင်းများဖွဲ့စည်းထားရှိမှု၊ အစိုးရသစ်ပထမရက် ၁၀၀ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန်လျာထားမှု၊ နိုင်ငံတော်သမ္မတ၏ဦးဆောင်လမ်းညွှန်မှုနှင့်အညီ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမ၊ ကျေးလက်နေပြည်သူများဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများနှင့်  အစိုးရသစ်၏  ပထမရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမည့်အစီအမံကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံတော်သမ္မတကြီးအနေဖြင့် ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီးသို့လာရောက်စဉ် မိမိတို့လုပ်ငန်းရှင်များ၏ တွေ့ကြုံနေရမှုများနှင့် လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ တင်ပြခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှု၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေး စီမံကိန်းအားအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ချောမွေ့မှန်ကန် လျင်မြန်စွာ လုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ စက်မှုဇုန်များ လျှပ်စစ်မီးရရှိရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်မှအကူအညီများရရှိရန် လိုအပ်လျက်ရှိမှု၊ မန္တလေး စက်မှုဇုန်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် အလုပ်အကိုင် များဖော်ဆောင်ပေးလျက်ရှိမှု၊ နိုင်ငံတကာနည်းပညာဖိုရမ်၊ နိုင်ငံတကာစီးပွားရေးဖိုရမ် များသို့ မန္တလေးစက်မှုဇုန်ရှိ သင့်လျော်သော လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ရက်ကန်းလုပ်ငန်းများအတွက်လိုအပ်သည့် ခေတ်မီသည့် ရက်ကန်းစက်များတင်သွင်းခွင့်ရရှိရေးနှင့် ရက်ကန်းလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှကူညီဆောင်ရွက်ပေးစေလိုမှု၊  မန္တလေး စက်ရုံရှိ သံရည်ကျိုလုပ်ငန်းရှင်များစုဖွဲ့၍ ဆောက်လုပ်ရေးသုံးသံပန်းလုံးများကို ငလျင် ဒဏ်ခံနိုင်သော အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်လျက်ရှိမှုနှင့်သံရည်ကျိုလုပ်ငန်းများအတွက်  လိုအပ်သည့် စက်ပစ္စည်းများတင်သွင်းခွင့်ရရှိရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှုတို့နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးများကသက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေး

လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးကြရာတွင် စက်မှုဇုန်များအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်မှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းစက်မှုလုပ်ငန်းရှင်များအား နိုင်ငံတကာနည်းပညာဖိုရမ်များနှင့် စီးပွားရေးဖိုရမ်များသို့ စေလွှတ်ပေးလျက်ရှိမှုနှင့် ပိုမိုစေလွှတ်ပေးနိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများတင်သွင်းခွင့်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံနှင့်သံမဏိများအား ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီရန်လိုအပ်လျက်ရှိသဖြင့် မြန်မာနိုင်ငံသံနှင့်သံမဏိ အသင်းနှင့်ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊ မန္တလေးတိုင်းဒေသကြီးအတွင်း သစ်နှင့်ဝါးထုတ်ကုန်ပစ္စည်းများအား အဆင့်မြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်နိုင်မှု၊ လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် မီးခိုးမြူငွေ့ လျော့ပါးပပျောက်ရေးလုပ်ငန်းစဉ်များနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်များတွင် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုမှု၊ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးမွေးမြူရေးနှင့်  ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး မတည်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ သွင်းအားစုနှင့်နည်းပညာရရှိရေး၊ မျိုးကောင်းမျိုးသန့်များနှင့်မျိုးစေ့များရရှိရေးနှင့် အခြားလိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဌာနများသို့ဆက်သွယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတော်အနေဖြင့် ပို့ဆောင်ရေးကဏ္ဍအဆင့်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေသည့် Public Transportation စနစ်တစ်ခုဖြစ်သည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်အား ပိုမိုတိုးတက်ကောင်းမွန်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ခရီးစဉ်များတိုးချဲ့ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိမှု၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး Digitalization ကို ဖော်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍  အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြား

ထို့နောက် နိုင်ငံတော်သမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပြည်သူလူထုနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့သည် အထက်မြန်မာနိုင်ငံ၏စီးပွားရေးမြို့၊ စက်မှုမြို့ဖြစ်သကဲ့သို့ ရှေးဟောင်းအမွေအနှစ်များဖြင့် ပြည့်ဝနေသည့်မြို့တစ်ခုဖြစ်ကြောင်း၊  ပြီးခဲ့သည့်  သင်္ကြန်ကာလအတွင်း မိမိတို့နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ပီပီပြင်ပြင်ဖြင့်ဖော်ပြနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့သဖြင့်  မန္တလေးမြို့ရှိပြည်သူများအားလုံးကို ဂုဏ်ပြုကျေးဇူးတင်ရှိကြောင်း။

မန္တလေးတိုင်းဒေသကြီးသည် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အားလုံး၌ အောင်မြင်ဖြစ်ထွန်းမှုရှိသော ထူးခြားသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ အရေးကြီးသီးနှံ(၁၄)မျိုး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် အားရကျေနပ်ဖွယ် အနေအထားတွင်ရှိပြီး ပန်းတိုင်ရရှိမှုမြင့်မားစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း၊ တိုင်းဒေသကြီး၏ GDP အနေဖြင့် တစ်နှစ်လျှင်  အမေရိကန် ဒေါ်လာ ၉ ဘီလီယံခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏  ၁၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ကမ္ဘာ့နိုင်ငံတိုင်းတွင် လောင်စာဆီအခက်အခဲများကြုံတွေ့နေရမှုနှင့်အတူ မိမိတို့နိုင်ငံသည်လည်း  ခံစားရလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်း (Agro-based Industries) များကို အားပေးမြှင့်တင်

မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် ပန်းတိုင်ရည်မှန်းချက်သီးနှံ ၁၀ မျိုးတွင် နှစ်စဉ် မြန်မာကျပ်ငွေ  ၃၇၆၅ ဘီလီယံခန့်လျော့နည်းနစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ထိခိုက်နစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက နှစ်စဉ်အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအများအပြား၌ပင်  စိုက်ပျိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေရဆဲဖြစ်သည်ကို   တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်ပင်လျှင် စိုက်ပျိုးရေးထုတ်ကုန်များကိုထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို  အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင်နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်ပြီးရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်တွင်  အတန်းပညာမြင့်မားပြီး အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ များစွာရရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပညာရေးကို ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9  အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များ ပိုမိုပေါ်ထွက်လာစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို အခြေခံပညာအလယ်တန်းနှင့်  အထက် တန်းတို့တွင် သင်ကြားပေးလျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်လူရွယ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရန်တိုက်တွန်းမှာကြားလိုကြောင်း။

မွေးမြူရေးလုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသား၊ ငါးဈေးနှုန်းများကြီးမြင့်လျက်ရှိသည်ကိုတွေ့မြင်ရကြောင်း၊ ဒေသတွင်းစားသုံးမှုဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏  ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့်တိရစ္ဆာန်အစာများကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ မွေးမြူ ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း။

နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာသည့်လူမှုဘဝကို ပိုင်ဆိုင်နိုင်ကြရန် ကြိုးပမ်းဆောင်ရွက် 

ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းသည် ၂၀၂၄-၂၀၂၅ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၆၉ နှစ်ဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးနေဆဲဖြစ်သည်ကိုတွေ့မြင်ရကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်း ကျန်းမာရေးကောင်းမွန်ရန်လိုကြောင်း၊ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကောင်းမွန်ရန်အတွက် စီးပွားရေး ကောင်းမွန်ရန်လိုပြီး စီးပွားရေးကောင်းမွန်မှသာလျှင် နေထိုင်စားသောက်မှု၊ ပညာသင်ကြားမှုများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပညာရေးကောင်းမွန်လာခြင်းနှင့်အတူ လူမှုစီးပွားဘဝများသည်လည်းတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာသည့် လူမှုဘဝကိုပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးတွင် ဝါစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါကိုစိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံး စိုက်ပျိုးသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့်နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရက်ကန်းလုပ်ငန်းများတိုးတက်လာစေရေးအတွက်လည်း တာဝန်ရှိသူများနှင့်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝါမှချည်နှင့်ချည်ထည်များကို ထုတ်လုပ်နိုင်သကဲ့သို့ ဝါစေ့ဆီနှင့်ဝါကြိတ်ဖတ်မှ တိရစ္ဆာန်အစာများကို ထုတ်လုပ်နိုင်ကြောင်း၊ ဝါဖန်စက်များကိုလည်း စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး အောင်မြင်ပြီးပါက ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းများ မန္တလေးတိုင်းဒေသကြီးအတွင်း တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဈေးကွက်ရရှိရန်လိုအပ်မည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများလည်း ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်းတွင် စီးပွားရေးအသိအမြင်များ ရှိရန်လည်း မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ စီးပွားရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးလျက်ရှိနေခြင်းဖြစ်ကြောင်း၊ “ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်” ဖြစ်ပြီး ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ စုပေါင်းဆောင်ရွက်သည့် စနစ်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းတွင် အားနည်းသူများစုပေါင်း၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများအောင်မြင်လာပြီး  ဝင်ငွေများပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် သမဝါယမစနစ်ကို  ကျင့်သုံးလျက်ရှိနေကြကြောင်း။

လာမည့်   ဇွန်လ ၁ ရက်နေ့ဆိုပါက ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုလ ၂၅ ရက်နေ့မှစ၍ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ ကျောင်းများအားလုံးဖွင့်လှစ်
သင်ကြားနိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

စိမ်းလန်းစိုပြေရေးနှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး

ရေရရှိရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ရေဖူလုံစွာရရှိရေးရှိပြီးဖြစ်သည့် အရင်းအမြစ်များကို အကျိုးရှိအောင်အသုံးချ၍ ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်၍ ရာသီဥတုပူပြင်းလာခြင်းကို မိမိတို့အနေဖြင့် ပြောင်းလဲ၍မရနိုင်သော်လည်း သက်သာအောင်ဆောင်ရွက်နိုင်ကြောင်း၊ ရပ်ရွာများ၊ မြို့များအလိုက်သစ်ပင်များစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စနစ်တကျဖြင့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပူပြင်းသည့်ရာသီဥတုကို တွန်းလှန်နိုင်မည်ဖြစ်သကဲ့သို့ စိမ်းလန်းစိုပြေသည့်ပတ်ဝန်းကျင်နှင့်ညီညွတ်မျှတသည့် ရာသီဥတုရရှိစေနိုင်မည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေသည့်မြင်ကွင်းများကို မြင်တွေ့ရခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်ရာသီဥတုကိုရရှိစေခြင်းတို့ဖြင့် မျက်စိပသာဒကိုဖြစ်ပေါ်စေပြီး လူများ၏စိတ်နှလုံးကိုအေးမြစေသည့် အကျိုးကျေးဇူးကိုရရှိစေမည်ဖြစ်ကာဒေသသို့ လာရောက်လည်ပတ်သူများလည်း များပြားလာစေမည်ဖြစ်ကြောင်း၊ “အိမ်သာလျှင် ဧည့်လာမည်” ဟူသည့်အတိုင်း မိမိတို့ဒေသသာယာလှပရေး၊ ဒေသ၏ ရိုးရာအမွေအနှစ်များ၊ ရိုးရာအဝတ်အစားနှင့်အစားအသောက်များ ကောင်းမွန်စေရေး၊ ဝန်ဆောင် မှုကောင်းပေးနိုင်ရေးတို့ကို  အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ခရီးသွားများဝင်ရောက်ခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်သဖြင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်း
ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက် စားသောက်ကုန်များ၊ လက်မှုပစ္စည်းများ၊ အဝတ်အထည်များအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *