PDF အဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၄၆ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

PDF အဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၄၆ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား ိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို မေ ၁၅ ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊နှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် လက်လုပ်ပစ္စတိုသေနတ် ငါးလက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ခြောက်လက်နှင့် စကားပြောစက် နှစ်လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်လုပ်ပစ္စတိုသေနတ် ငါးလက်အတွက် ငွေကျပ် ၂၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ခြောက်လက်အတွက် ငွေကျပ်သိန်း ၃၀၀၊ စကားပြောစက် နှစ်လုံးအတွက် ကျပ် လေးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ကျပ် ၁၉သိန်း၊ စုစုပေါင်းငွေကျပ် ၃၄၈ သိန်းနှင့် စာသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြကြောင်း၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြကြောင်း သိရသည်။

အလားတူ ပစ္စတိုသေနတ် တစ်လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုးလက်၊ လက်ပစ်ဗုံး ၇၁ လုံးနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၆၆ ဦးတို့အား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌လည်းကောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ မိုင်း တစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၄၃ ဦးအား ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌လည်းကောင်း၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း မိဘအုပ် ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပစ္စတိုသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် ငါးသိန်း၊ မောင်းပြန်ရိုင်ဖယ် သေနတ် ၂၆လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၃၀၀၊ လက်ပစ်ဗုံး ၇၄ လုံးအတွက် ဆုကြေးငွေ ကျပ် ၂၂၂ သိန်း၊ မိုင်း တစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ကျပ် ၁၂ရသိန်း၊ စုစုပေါင်း ၁၆၅၇ သိန်းနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်ကြရာ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှ အမျိုးသား တစ်ဦး၊ ဆားလင်းကြီးမြို့နယ်မှ အမျိုးသား တစ်ဦး၊ ပုလဲမြို့နယ် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး တစ်ဦး၊ မုံရွာမြို့နယ်မှအမျိုးသား သုံးဦး၊ မြင်းမူမြို့နယ်မှ အမျိုးသမီး နှစ်ဦး၊ ဟုမ္မလင်းမြို့နယ်မှ အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး၊ တမူးမြို့နယ်မှ အမျိုးသား နှစ်ဦး၊ ကလေးမြို့နယ်မှ အမျိုးသား ၃၃ဦး အမျိုးသမီး နှစ်ဦး၊ စစ်ကိုင်းမြို့နယ်မှ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ငါးဦး၊ ထီးချိုင့်မြို့နယ်မှ အမျိုးသား လေးဦး၊ ကသာမြို့နယ်မှ အမျိုးသား တစ်ဦးနှင့် ရွှေဘိုမြို့နယ်မှ အမျိုးသား ၁၆ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၄၆ ဦးဖြစ်ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *