တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် ​မေ ၁၁ ရက် ညပိုင်းက ဖုန်းဆိုင်နှစ်ဆိုင် ဖောက်ထွင်းခံရ​

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်လည်း မေ ၁၁ ရက် ညပိုင်းတွင် စျေးအရှေ့ဘက် ဖုန်းဆိုင်အပါအဝင် ဖုန်းအရောင်းဆိုင် နှစ်ဆိုင်ထက်မနည်း ဖောက်ထွင်းခံရပြီး အခြားဘေးခန်း ဆံပင်ညှပ်ဆိုင်လည်း ဖောက်ခံရကြောင်း သိရသည်။

အဆိုပါ ဖောက်ခံရသော ဖုန်းဆိုင်တစ်ဆိုင်မှာ ဖုန်း​လေးလုံးထက်မနည်း ပါသွားပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ တိုင်တန်းထားကြောင်းလည်း သိရသည်။

“ဖုန်းဆိုင်မှာ တခါတလေ ဖုန်းလာမေးနေတဲ့ ကောင်လေးတွေပဲ။ နည်းနည်းပြင်ရမယ့်ဖုန်းတွေ၊ ဆိုင်မှာထားခဲ့တာကို ခိုးသွားကြတယ်” ဟု ဆိုင်ရှင်ဖြစ်သူက ပြောကြားသည်။

တောင်ကြီးမြို့နယ်တွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့တို့တွင် သူခိုးများ သောင်းကျန်းနေကာ ပစ္စည်းများ ခိုးယူခြင်း၊ မော်တော်ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ ဆိုင်ဖောက်ခံရခြင်း ဖြစ်စဉ်များ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

မေ ၁၀ ရက် ညပိုင်းကလည်း မြေဖြူရပ်ကွက်တွင် အိမ်ရှေ့၌ရပ်ထားသော Honda Click 125 – 2012 Model ဆိုင်ကယ် ပျောက်ဆုံးခဲ့ကြောင်း ပိုင်ရှင်ဖြစ်သူက ဖုန်းနံပါတ်နှင့်တကွ တင်ပြထားသည်။

ထို့အတူ မေ ၄ ရက်ကလည်း တောင်ကြီးတွင် အိမ်တစ်လုံးဖောက်ခံရကာ ဆိုင်ကယ်တစ်စီးပါသွားကြောင်း တွေ့ရှိပါက အကြောင်းကြားပေးရန် ပိုင်ရှင်က ဆိုထားသည်။

အလားတူ မေ ၂ ရက်ကလည်း Wave 100 Honda ဆိုင်ကယ် နံပါတ် ၄၈ ယ/၅၃၉၆၂ တစ်စီး တောင်ကြီး WCH အမျိုးသမီးနှင့် ကလေး ဆေးရုံကြီး တွင် ခိုးခံလိုက်ရ​ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှင့် ကလေးဆေးရုံ ကြီးတွင် သူခိုးများသည် လူအိပ်ချိန် ည ပိုင်းတွင်လာရောက်၍ လူနာစောင့် ပစ္စည်းများ လာရောက် ခိုးယူလေ့ ရှိကြောင်း စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *