မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး (၁)နှစ်သင်တန်းဖြစ်သော အီလက်ထရောနစ်သင်တန်းကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၂၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။
ထို့ပြင် အမှတ်စဉ်(၁)၊ (၃)လသင်တန်းများဖြစ်သည့် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်းများကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ဩဂုတ် ၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းများသို့ ကိုယ်အင်္ဂါမသန်စွမ်းသူများ လျှောက်ထားနိုင်ပြီး အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိသူ ဖြစ်ရမည်ဖြစ်ကာ နေ့စဉ်တစ်ကိုယ်ရေလုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် ကျား/မ၊ လူမျိုးနှင့် ဘာသာမရွေး လျှောက်ထားနိုင်ကြောင်း သိရသည်။
အီလက်ထရောနစ်သင်တန်းနှင့် ကွန်ပျူတာသင်တန်းအတွက် အထက်တန်းပညာအရည်အချင်း လိုအပ်ပြီး စက်ချုပ်သင်တန်းအတွက် အလယ်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်းများအတွက် မူလတန်းပညာအရည်အချင်း လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်တန်းတက်ရောက်ခွင့်ရသူများအား သင်တန်းကာလအတွင်း စားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သူများအတွက် အသွားအပြန်ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ နေထိုင်ကြောင်းထောက်ခံချက်နှင့် ကျန်းမာရေးဆိုင်ရာ ဆေးမှတ်တမ်းများကို ယူဆောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ လူကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၄၂၅၂ နှင့် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်) ဖုန်း ၀၁-၉၆၆၁၇၁၂၊ ၀၉-၄၄၈၀၃၅၀၈၀၊ ၀၉-၉၇၂၆၆၁၈၄၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
